Libellés

Archives du blog

jeudi 30 juillet 2015

** ဘိုရီနာဂ်ျက ဗန်ဂိုးအိမ်များ ** *



ဗန်ဂိုးရဲ့ အရုပ်အရိပ်အရောင်များ
ဘိုရီနာဂ်ျက ဗန်ဂိုးအိမ်များ



လွန်ခဲ့သော ၁၂၅ နှစ်က ဗန်ဂိုး နောက်ဆုံးနေခဲ့ရာ နေရာ                        (ဓါတ်ပုံ မရငတ)
ဒီကနေ့ ၂၀၁၅ ဂျူလိုင်လ ၂၉ ရက်နေ့က ဗန်ဂိုး မရှိတော့တာ ၁၂၅ နှစ်မြောက် နေ့ပါ၊
အဲဒီ ၁၂၅ နှစ်မြောက် အမှတ်တရအတွက် မောင်ရင်ငတေ ရောက်ခဲ့ဖူးတဲ့ ဗန်ဂိုးနေထိုင်ခဲ့ရာ
အိမ်သေးသေးလေး တလုံးရဲ့ အကြောင်းကို စုစည်းတင်ပြ လိုက်ရပါတယ်၊

Colfontaine (Borinage) ဆိုတဲ့ နယ်လေးတနယ် ဘယ်လ်ဂျီယံ နယ်စပ်အနီးမှာ ရှိပါတယ်၊
ဘယ်လ်ဂျီယံနိုင်ငံရဲ့ Mons မြို့နဲ့ ပြင်သစ်ပြည်ရဲ့ Valenciennes မြို့ကိုသွားရာ အမြန်လမ်းမကြီး
A2 သို့မဟုတ် E19 ကနေ ခွဲထွက်သွားရင် သိပ်မဝေးလှပါဘူး၊

အဲဒီနယ်မြေက ဥရောပသမိုင်းမှာ နာမည်ထင်ပေါ်ကျော်ကြားတဲ့ အကြောင်းရပ် နှစ်မျိုး ရှိခဲ့ပါတယ်၊
ပထမတမျိုးကတော့ ဥရောပစက်မှုခေတ်ဦး ၁၈ ရာစုမှာ မရှိမဖြစ် လိုအပ်ခဲ့ပါသော ကျောက်မီးသွေး အများအပြား ထုတ်လုပ်ထွက်ရှိရာ ဒေသကြီးတခု အဖြစ်ပါ၊ အဲဒီ ဘယ်လ်ဂျီယံပိုင် နယ်မြေလေးက ထွက်ရှိပါတဲ့ ကျောက်မီးသွေး ဘယ်လောက်များလည်းဆိုတော့ ပြင်သစ်တို့ ဂျာမဏီတို့က ထွက်တဲ့
စုစုပေါင်း ကျောက်မီးသွေးထွက်တောင်မှ များနေပါသေးတယ်တဲ့၊
နောက်အကြောင်း တမျိုးကတော့ ၁၉ ရာစု အကုန်ပိုင်း ၁၈၇၈ နဲ့ ၇၉ ခုနှစ်များမှာ ပန်ချီဆရာ ဗန်ဂိုး
နေထိုင် ဖြတ်သန်းသွားရာ နေရာတခု ဖြစ်ခဲ့ရာက ထင်ပေါ်ကျော်ကြား လာခဲ့တာပါ၊

အဲဒီနယ်မြေမှာ ဗန်ဂိုးနေထိုင်ခဲ့ရာ နေရာသုံးခု ရှိပါတယ်တဲ့၊ အဲဒီ သုံးနေရာအနက် နှစ်နေရာက
အိမ်ကလေးတွေကိုတော့ မောင်ရင်ငတေ ဓါတ်ပုံတွေထဲမှာ မြင်တွေ့ဖူးစကထဲက စွဲမက်ခဲ့တာပါ၊
ဘာမဟုတ်တဲ့ တထပ်အိမ်ကလေးတွေပါ၊ မြို့နဲ့ အလှမ်းဝေးတဲ့ ရွာကလေးတွေမှာပါ၊

အဲဒီ နေရာကို သွားချင် ရောက်ဖူးချင်နေမိတဲ့ မောင်ရင်ငတေတယောက် ပြီးခဲ့တဲ့နှစ် ၂၀၁၄ ခုနှစ်မှာ
လမ်းကြုံရင်း ရောက်ခဲ့ဖူးပါတယ်၊


La Maison Van Gogh de Cuesmes                               (Photo Google)
Mons မြို့ရဲ့ အနောက်စွန်း လေးကီလိုမီတာ လောက်မှာရှိတဲ့ Cuesmes ရပ်က Rue du Pavillon ခြံနံပတ် () အိမ်ကလေးကတော့ ဒီကနေ့ခေတ်မှာ ခြံနဲ့ဝန်းနဲ့ဖြစ်နေပြီး လမ်းမရဲ့ အတွင်းပိုင်းမှာပါ၊ ပြတိုက်ကလေးအဖြစ် ဖန်တီးထားတဲ့ အဲဒီ ခြံဝန်းထဲက ဗန်ဂိုးအိမ်ကလေးကိုတော့ ပြတိုက်ပိတ်ချိန် ဖြစ်နေလို့ မောင်ရင်ငတေ ဝင်ကြည့်ခွင့် မကြုံခဲ့ရပါဘဲ ခြံဝကသာ မြင်ရသလောက် ကြည့်ခဲ့ရတာပါ၊ အဲဒီအိမ်လေးက မောင်ရင်ငတေ စွဲမက်ခဲ့တဲ့ အိမ်လေးပါ၊ အဲဒီ အိမ်လေးမှာ ၁၈၇၉ ခုနှစ် သြဂုတ်လ ကနေ ၁၈၈၀ ခုနှစ် အောက်တိုဘာလအထိ ဗန်ဂိုး နေခဲ့တယ် ဆိုပါတယ်၊



Rue du Pavillon လမ်းထိပ်က လှမ်းမြင်ခဲ့ရတဲ့ ဗန်ဂိုးရဲ့ခြံသို့ အဝင်လမ်း          (ဓါတ်ပုံ မရငတ)


La maison Van Gogh de Petit-Wasmes (Colfontaine)                       (ဓါတ်ပုံ မရငတ)
အဲဒီ ခြံနံပတ် () အိမ်ကနေ ၁၁ ကီလိုမီတာလောက် ဆက်သွားမယ် ဆိုရင်တော့ Colfontaine ကို ရောက်ပါပြီ၊ အဲဒီ Rue de Petit Wasmes နဲ့ Rue Wilson လမ်းဆုံထိပ် အိမ်အမှတ်၂၂၁ မှာလည်း ဗန်ဂိုး နေခဲ့ပါတယ်၊ ဒီအိမ်ကိုတော့ ပြင်ဆင်နေတာ မြင်တွေခဲ့ရသလို မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်၊ လမ်းဆုံလမ်းခွ လမ်းနဘေးမှာ တည်ရှိတာကြောင့် အိမ်ပတ်ပတ်လည်ကို သေချာမြင်တွေ့ရပါတယ်၊ အိမ်ကလေးက တကယ်တမ်းတော့ ဘာမှမဟုတ်ပါဘူး၊ သာမန် တောအိမ်လေးတအိမ်သာပါ၊ ဗန်ဂိုး
ကဲသို့သော အသက်ရှင်သန် နေစဉ်အခိုက် ညီဖြစ်သူရဲ့ ကူညီမစ ငွေလေးတွေ မှတပါး ငွေစကြေးစ ဖောဖောသီသီ ကိုင်မသွားဖူးရှာတဲ့ ပုဂ္ဂိုလ်ကြီးတယောက် နေထိုင်သွားခဲ့ပါတဲ့ ဒီ အိမ်စုတ်ကလေးကို တခြားတခြားသော ကမ္ဘာကျော် ဘီလျှံနာတွေ မင်းညီမင်းသားတွေ ခေတ်သစ်ဇောတိကခရိုဏီတွေ
ပိုင်ဆိုင်ကြပါတဲ့ အိမ်တော်ကြီးတွေထက် မောင်ရင်ငတေ့ စိတ်ထဲမှာ ဖီလင် ပို၍ လာပါတယ် ခင်ဗျာ၊


၂၀၁၄ ကိုးလပိုင်းက မောင်ရင်ငတေ ရောက်ရှိခဲ့တဲ့ ပြင်ဆင်နေဆဲ ဗန်ဂိုးရဲ့အိမ်   (ဓါတ်ပုံ မရငတ)
အဲဒီ အိမ်ကလေးမှာ ဟော်လန်ပန်းချီဆရာ ဗန်ဂိုး (၁၈၅၃-၁၈၉၀) နေထိုင်ခဲ့စဉ် ၁၈၇၈-၁၈၇၉ ခုနှစ် များမှာ ဗန်ဂိုးဟာ ပန်းချီဆွဲဆရာ မဖြစ်သေးပါဘူးလို့ ဆိုကြပါတယ်၊ အဲဒီအိမ်ကလေး အနားမှာရှိတဲ့ ကျောက်မီးသွေး ထုတ်လုပ်ရာစက်ရုံက အလုပ်သမားတွေကို တရားပြတဲ့အလုပ် သွားလုပ်တယ်လို့ ဆိုကြပါတယ်၊

အဲဒီအချိန်ကာလက Borinage နယ် ကျောက်မီးသွေး ထင်းမီးသွေး ထုတ်လုပ်ရေး လုပ်ငန်းတွေက ဥရောပတိုက်ရဲ့ ခေတ်သစ် စက်မှုလုပ်ငန်းသစ်တွေမှာ မပါမဖြစ်ဆိုသလို အရေးကြီးခဲ့ပေမယ့်လည်း ကျောက်မီးသွေးတူး အလုပ်သမားတွေရဲ့ နင်းပြားဘဝကို ကိုယ်တွေ့ မျက်မြင် ခံစားခဲ့ရရာက ဗန်ဂိုး
တယောက် တကယ့်လူမှုဘဝရဲ့ သရုပ်ဖော်ပုံတွေကို မှတ်တမ်းတင်ရေးဆွဲချင်စိတ်တွေ ပေါက်ဖွားခဲ့ ရတယ် ထင်ပါတယ်၊


ဆေးနီရဲရဲနဲ့ Rue Wilson လမ်းဆုံ အိမ်အမှတ်၂၂၁ ဖွင့်ပွဲရက်ကပုံပါ          (Photo Google)
အဲဒီ အိမ်လေးက အခုတော့ ပြင်ဆင်ခဲ့တာ ပြီးသွားပြီ ဖြစ်လို့ အများပြည်သူ စိတ်ဝင်စားသူများ ခရီး သွားရင်း ကြံကြိုက်ခဲ့ပါက ဝင်ရောက်ကြည့်ရှုလို့ ရပါပြီ၊ နေ့တိုင်းတော့ မဖွင့်ပါဘူးတဲ့၊ စနေတနင်္ဂနွေ ပိတ်ရက်များမှာ ဝင်ကြေးငွေ မပေးရပါဘဲ ဝင်ရောက် ကြည့်လို့ ရပါတယ်တဲ့၊ ကြားရက်များမှာတော့ အုပ်စုလိုက် Rendez-Vous ချိန်းဆိုချက် ယူပြီး ကြည့်လို့ရပါတယ်၊

တကယ်တမ်း မောင်ရင်ငတေရဲ့ ရင်ထဲခံစားချက်နဲ့ ပြောရမယ်ဆိုရင်ဖြင့် "Sang de Bœuf" ခေါ်တဲ့ အမဲသွေး အနီရဲရဲတောက်တောက် “အနီရောင်မျက်နှာစာ” အိမ်အသစ် ပြောင်ပြောင်လက်လက်ကို မောင်ရင်ငတေ စိတ်သဘော မတွေ့မိရပါဘူး၊

စာအုပ်တွေထဲမှာ ဓါတ်ပုံတွေထဲမှာ မောင်ရင်ငတေ ဟိုး အရင်ထဲက တွေ့ခဲ့ဖူးတဲ့ ဟောင်းမြင်းနေတဲ့ အိမ်တွေကသာ စိတ်ထဲမှာ စွဲနေဆဲပါ၊ ဘာဖြစ်ဖြစ် ပြင်တဲ့သူတွေက ပြင်လိုက်ပြီးကြပါပြီ၊ ရောင်းစား ပစ်လိုက်ပြီး ပုံစံပြောင်းအသစ်မဆောက်တာကို ကျေးဇူးတင်ရမှာပါ၊ အထဲမှာတော့ ဗန်ဂိုအကြောင်း ပတ်သက်ရာတွေ ရှိနေမှကတော့ မလွဲပါဘူး၊


အဲဒီ Rue Wilson လမ်းဆုံထိပ်က အိမ်အမှတ် ၂၂၁ ကို မပြင်ဆင်ချိန်က တွေ့ရှိရတဲ့ပုံပါ၊ ဒီပုံတွေကို မောင်ရင်ငတေ ဘာဖြစ်လို့ရယ်မသိ စမြင်စဉ်ကတင် စွဲလန်းခဲ့တာပါ၊ ပြင်ဆင်နေဆဲချိန် တွေ့ရစဉ်က ဒီလောက် မဟုတ်ခဲ့ပါဘဲ ပြင်ဆင်ပြီးချိန် ပြီးခဲ့တဲ့ ၁၂ ရက် ဂျွန်လ ဖွင့်ပွဲသတင်းကို ဖတ်လိုက်ရတော့
ဆေးနီရဲရဲနဲ့ သစ်လွင်တောက်ပနေတဲ့ အိမ်ပုံကို စိတ်ပျက်မိရတာတော့ အမှန်ပါ၊

အဲဒီနေရာတွေနဲ့ မနီးမဝေးက Rue du Bois လမ်းပေါ်က ၁၈၇၉ ခုနှစ်မှာ ဗန်ဂိုး ခြောက်လလောက် နေသွားခဲ့တယ်ဆိုတဲ့ “Salon du Bébé” အိမ်ကလေးကိုတော့  အချိန်မရတော့လို့ရယ် တကူးတက ကားမောင်းလိုက်ပို့ပေးသူကို အားနာလို့ရယ် မောင်ရင်ငတေ မဝင်ဖြစ်ခဲ့တော့ပါဘူး၊


နောက်တခေါက်များ အဲဒီ Borinage ဘိုရီနာဂ်ျနယ်ကို ကြုံကြိုက်လို့ လာခဲ့ရင်တော့ ရောက်ခဲ့ဖူးတဲ့ နေရာတွေကော မရောက်ရသေးတာတွေပါ ပြန်လည်ဝင်ရောက် လေ့လာသင့်တဲ့ စာရင်းထဲတို့ထား ရမှာကတော့ အသေအချာပါ၊

မောင်ရင်ငတေ ၂၉၀၇၂၀၁၅

mardi 28 juillet 2015

** မင်း မရှိတဲ့ တိုင်းပြည် ** *



မင်း မရှိတဲ့ တိုင်းပြည်




မင်း မရှိတဲ့ တိုင်းပြည်

ငါ ချစ်မြတ်နိုးရပါတဲ့ မင်း မရှိတော့တဲ့ တိုင်းပြည်၊

မင်း မှ မရှိတော့ ငါ မနေချင်တော့ပါတဲ့ တိုင်းပြည်၊

ဒီတိုင်းပြည်မှာ ငါချစ်တဲ့ မင်း မှ မရှိတော့တဲ့  ….. ….. နောက်၊
ငါ အသည်းနှလုံးတွေ ကွဲကြေသွားပလေ့စေ ငါ မနေချင်တော့ပါဘူး၊
အဲဒီလိုနဲ့ ငါဟာ မင်း မရှိတော့ပါတဲ့ တိုင်းပြည်ကို စွန့်လွှတ်ထွက်ခွာ၊
နှစ်တွေ ကာလတွေ အဲဒီလို ကြာညောင်းလို့ လာခဲ့ လာခဲ့ လာခဲ့၊

အော် . … …. . … မင်း မှ မရှိတော့ မင်း မှ မရှိတော့၊

မင်း မရှိတဲ့ တိုင်းပြည်ကို ငါ ဘယ်လို ပြန်လာချင်ပါ့မလဲ၊

တခါက မင်းရဲ့ (မရငတ) ၂၈၀၇၂၀၁၅