Libellés

Archives du blog

jeudi 25 juin 2015

** ပါရီမြို့က ဘူတာရုံပြတိုက် ** *



ပါရီမြို့က ဘူတာရုံပြတိုက် သို့မဟုတ် Gare du Musée d'Orsay


ဒီကနေ့ ၂၀၁၅ ခုနှစ်မှာ တွေ့ရပါတဲ့ Musée d'Orsay
ပါရီမြို့လယ်ခေါင် စဲန်းမြစ်နဘေးမှာ ဘူတာရုံအဟောင်းကြီးကို အသွင်ပြောင်းထားတဲ့ နာမည်ကျော် ပြတိုက်ကြီးတခု ရှိပါတယ်၊ အဲဒီ Musée d'Orsay တဖြစ်လဲ Gare d'Orsay ဘူတာရုံကြီးကို ၁၉၀၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ်အထိ ရထား ဘူတာရုံအဖြစ် အသုံးပြုခဲ့ပြီး ပါရီမြို့ကနေ
ပြင်သစ်ပြည် အလယ်ပိုင်း Orléans မြို့ Limoges စတဲ့ မြို့တွေကို သွားတဲ့ မီးရထားဘူတာရုံကြီးပါ၊
ပါရီ ဆင်ခြေဖုန်းသွားတဲ့ RER C ရထားလိုင်းရဲ့ ဘူတာ အဖြစ်လည်း အသုံးပြုခဲ့ပါသေးတယ်၊

အဲဒီအရင်က နပိုလီယန်ဘိုနာပတ် (၁၇၆၉-၁၈၅၁) ခေတ်မှာ အုပ်ချုပ်ရေးရုံးတွေ တည်ရှိရာ Palais d'Orsay နန်းတော် အဆောက်အဦးဟောင်းကြီး တည်ရှိခဲ့တဲ့ နေရာလို့ ဆိုကြပါတယ်၊ ၁၈၇၁ ခုနှစ် Commune de Paris ပါရီကွန်မြွန်း ကာလအတွင်းမှာ မီးရှို့ဖျက်စီး ခံခဲ့ကြရတဲ့ အဆောက်အဦးတွေ ထဲက တခု ဖြစ်လာပါတယ်၊

အဲဒီလို Palais d'Orsay နန်းတော်ဟောင်းကြီးရဲ့ နေရာမှာ Gare d'Orsay ဘူတာရုံကို အစားထိုး တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် အရောက်မှာတော့ နာမည်ကျော် ပန်းချီကားများနဲ့ ပန်းပု ရုပ်တုများ ထားရှိရာ Musée d'Orsay ပြတိုက်အဖြစ် ကမ္ဘာသိ ဖြစ်လာခဲ့ပါတယ်၊
တနှစ်တနှစ်ကို ဝင်ရောက်ကြည့်ရှု လေ့လာကြသူ လေးသန်းရှိပြီး လူအများဆုံး ဝင်ရောက်ကြည့်တဲ့ Top 10 ပြတိုက် စာရင်းဝင် ဖြစ်ပါတယ်၊ ကမ္ဘာ့ရဲ့ နံပတ်တစ် လူကြည့်များတဲ့ ပြတိုက်ကြီးကတော့ Musée d'Orsay နဲ့ သိပ်မဝေးလှတဲ့ မျက်စောင်းထိုးနေရာမှာ တည်ရှိတဲ့ တနှစ်ကို ဝင်ရောက်ကြည့် ရှုကြသူ လူဆယ်သန်းကျော် ရှိပါတယ်ဆိုတဲ့ Musée du Louvre ပြတိုက်ကြီးပါ၊ အဲဒီလိုမျိုး ပြတိုက် ကြီးတွေကို ဝင်ကြည့်ခငွေက ဆယ်ယူရိုကျော် ပေးရတာကြောင့် ဝင်ငွေ ဘယ်လောက်ကောင်းမလဲ ဆိုတာကိုတော့ တွက်၍သာ ကြည့်ကြပါတော့၊




စဲန်းမြစ်ကမ်းနဲ့ ပြတိုက်ဒေါရ်ဆေး
အဲဒီ ပြတိုက် ဒေါရ်ဆေး ထဲမှာ ၁၉ ရာစု နှောင်းပိုင်းက Impressionniste, Post-impressionniste ပန်းချီဆရာများရဲ့ ပန်ချီကားချပ် တထောင်ကျော် အပါအဝင် အခြားသော ပန်းချီကားချပ် များစွာနဲ့ ပန်းပု ရုပ်တုများကို စုဆောင်းသိမ်းဆည်း ပြသထားတာပါ၊

 မောင်ရင်ငတေ ၂၅၀၆၂၀၁၅


မောင်ရင်ငတေ ၂၅၀၆၂၀၁၅



Gare d'Orsay ဘူတာရုံ (၁၉၁၀) 


Musée d'Orsay ပြတိုက် (၂၀၁၅)




ဘူတာရုံပြတိုက်အတွင်းမှ ရတနာပုံရိပ်များ
ဗန်ဂိုး ရဲ့ ဗန်ဂိုး


Autoportrait à Saint Rémy (1889) Musée d'Orsay        (ဓါတ်ပုံ မရငတ)
မနေ့က ရိုက်ခွင့်ရခဲ့လိုက်တဲ့ ဗန်ဂိုး ရဲ့ ဗန်ဂိုး
ဒီနေရာကို နောက်ဆုံးတခေါက် လွန်ခဲ့တဲ့နှစ်က ရောက်ခဲ့တဲ့အထိ ဓါတ်ပုံ ရိုက်ခွင့် မပြုပါဘူး၊
ဒီတကြိမ်တော့ ဘယ်လို ဆရာတွေက ဓါတ်ပုံရိုက်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပါသလဲတော့ မသိပါဘူး၊ လူတိုင်း လူတိုင်း ရိုက်ကူးနေကြတာကို တွေ့ရသလို အရင်အခေါက်တွေက မောင်ရင်ငတေတို့လို ဓါတ်ပုံ ခိုးရိုက်ချင်သူတွေကို တားမြစ်နေရပါတဲ့ တာဝန် လက်ပတ်နီတွေလည်း ထိုင်ခုံပေါ်မှာ ပျင်းရိ ပျင်းတွဲနဲ့ ငိုက်မြည်းနေကြတာကို တွေ့ခဲ့ရပါတယ်၊

ဗန်ဂိုးရဲ့ ကိုယ်တိုင်ရေးပုံရိပ် ပန်းချီကားများက အနည်းဆုံး ၄၃ ကား ရှိတယ်ပြောကြပါတယ်၊
အဲဒီအထဲကမှ ပြင်သစ်တောင်ပိုင်း Saint Rémy မှာ နေခဲ့စဉ်က ရေးဆွဲခဲ့တဲ့ ပုံတူပါ၊
အခုအခါမှာတော့ အခြားနေရာက အငှား ပြပွဲတွေ မရှိခဲ့ရင်တော့ ပါရီမြို့ ဘူတာရုံပြတိုက်
Musée d'Orsay မှာ အမြဲတမ်း ချိတ်ဆွဲပြသထားတဲ့ ပုံတပုံပါ၊

မောင်ရင်ငတေ ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ပုံနဲ့ (Google) ဂူဂဲလ် အင်တာနက်မှာ ရှာဖွေတွေ့ရှိတဲ့
ပုံများကို ဖော်ပြလိုက်ပါတယ်၊


Autoportrait à Saint Rémy (1889) Musée d'Orsay                   (Photo Google)

မောင်ရင်ငတေ ၂၅၀၆၂၀၁၅

Aucun commentaire:

Enregistrer un commentaire