Libellés

Archives du blog

jeudi 18 juin 2015

** ကမ္ဘာတလွှားလေဘာတီများ (တစ်) ** *

ကမ္ဘာတလွှားလေဘာတီများ (တစ်) မူရင်းလေဘာတီများ



ပြင်သစ်မှအမေရိကားသို့မပို့ခင် မူရင်းလေဘာတီရဲ့ခေါင်းပိုင်း (၁၈၇၈) (Photo Google)
La tête exposée à l'Exposition universelle de 1878, Champs-de-Mars à Paris.
ကမ္ဘာတလွှားမှာ မူရင်းအော်ရီဂျင်နယ်ဆိုတဲ့ လေဘာတီရုပ်တုသုံးခုနဲ့ ပုံစံတူရုပ်တုငယ်အပွားများက တရာကျော် ရှိတယ်လို့ ဆိုပါတယ်၊ မူရင်း လေဘာတီ ရုပ်တုကြီး ရှိတဲ့ နေရာကိုတော့ အားလုံးလိုလို သိကြမှာပါ၊ အမေရိကန်နိုင်ငံ နယူးယောက် မြို့တော်ကြီးသို့အဝင် ဦးခိုက်ရာ ကျွန်းကလေးတကျွန်း ပေါ်မှာ တည်ရှိပါတယ်၊ လေဘာတီရုပ်တု အမည် အပြည့်အစုံက La Liberté éclairant le monde (Liberty Enlightening the World) လို့ ခေါ်ပေမယ့် Statue of Liberty ဆိုပြီး လူသိ များပါတယ်၊ လေဘာတီရုပ်တုစီမံကိန်းကို ၁၈၇၀ ပြည့်လွန်နှစ်များမှာ စတင်ခဲ့ပြီး ၁၈၈၆ ခုနှစ် အောက်တိုဘာမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ရုပ်တုအမြင့်က ၁၅၁ ပေ (၄၆ မီတာ) ရှိပြီး အောက်ခံအုတ်ခုံ အပါအဝင် ၃၀၅ ပေ မြင့်တာကြောင့် နယူးယောက် ဆိပ်ကမ်းသို့ အဝင် လမ်းညွန် အထိမ်းအမှတ် ဖြစ်လာခဲ့ပါတယ်၊ နယူးယောက်သို့ အလည်အပတ် ရောက်ရှိလာသူများရဲ့ အဓိကထား ဓါတ်ပုံရိုက်မှတ်တမ်းတင်စရာ အဆောက်အဦးတခု ဖြစ်ခဲ့ပါပြီ၊ လေဘာတီ ဖြစ်မြောက်ရေး စီမံကိန်းကို စတင်ကြံစည်ခဲ့သူကတော့ ပါရီမြို့တော်သား ကဗျာဆရာ စာရေးဆရာ ဥပဒေပညာရှင် နိုင်ငံရေးသမားဖြစ်သူ Édouard René Lefèbvre de Laboulaye (၁၈၁၁-၁၈၈၃) ဖြစ်ပါတယ်၊ ဒါပေမယ့် နယူးယောက်မြို့ လေဘာတီကို မမြင်တွေ့သွားရရှာပါဘူး၊ သူသေဆုံးပြီး သုံးနှစ်ကျော် အကြာမှ ဖွင့်လှစ်နိုင်ခဲ့လို့ပါ၊ မူရင်းလေဘာတီ သုံးခုကို ထုဆစ်ခဲ့တဲ့ ပန်းပုဆရာကြီး ဗိသုကာဆရာကြီးကတော့ Frédéric Auguste Bartholdi ပါ၊
ပြင်သစ်ပြည် အရှေ့ခြမ်း Alsace ပြည်နယ်နဲ့ ဂျာမဏီရဲ့ နယ်စပ်စည်းအနားက Colmar မြို့လေးမှာ ပန်းပု ဆရာကြီး ဘာသိုဒီ (၁၈၃၄-၁၉၀၄) ကို မွေးဖွားခဲ့ တာပါ၊  လေဘာတီအတွင်းပိုင်း သံထည်တွေ ပြုလုပ်ပေးခဲ့ရသူကတော့ နာမည်ကျော် Gustave Eiffel အီဖယ် (၁၈၃၂-၁၉၂၃) ပါ၊



ပထမ ပလာစတာ လေဘာတီ (၁၈၇၈) Musée des Arts et Métiers à Paris (ဓါတ်ပုံ မရငတ)
ရုပ်ထုကို ဦးဆောင်ထုလုပ်ခဲ့သူ ပန်းပုဆရာကြီး ဘာသိုဒီက နယူးယောက် လေဘာတီ မတိုင်ခင်မှာ အကြိုအစမ်းအနေနဲ့ ပလာစတာလေဘာတီ ရုပ်တုတခုနဲ့ မော်ဒယ်လေဘာတီ ရုပ်တုနှစ်ခုကို အရင် ထုဆစ်ပါတယ်၊ ပါရီမြို့လယ် Musée des Arts et Métiers ပြတိုက်အရှေ့မှာ ဘာသိုဒီ ထုဆစ်ခဲ့တဲ့ ပလာစတာလေဘာတီ ရုပ်တုငယ်ကို ကြေးပြန်သွန်းပြီးတော့ ထားရှိတယ် ဆိုပါတယ်၊ အချိုးအစား ကတော့ နယူးယောက်လေဘာတီထက် အတော်ကို သေးငယ်ပြီး ဆယ့်ခြောက်ပုံတပုံ ကိုးပေနီးပါး ၂၈၆  စင်တီမီတာသာ ရှိပါတယ်၊ နောက်ထပ် ဘာသိုဒီ ကိုယ်တိုင်ထုဆစ်တဲ့ မော်ဒယ် လေဘာတီ ရုပ်တု နှစ်ခုကိုတော့ ပါရီမြို့ လူဇမ်ဘူးပန်းခြံထဲမှာတခု စဲန်းမြစ်အလယ်က ကျွန်းကလေးပေါ်မှာတခု တွေ့ရှိနိုင်ပါတယ်၊


ပထမမူရင်း မော်ဒယ်လေဘာတီအရုပ် (၁၈၈၅) စဲန်းမြစ်လယ် ပါရီမြို့        (ဓါတ်ပုံ မရငတ)
ပါရီမြို့ စဲန်းမြစ်အလယ်က Île aux Cygnes ခေါ်တဲ့ လူလုပ်ကျွန်းအတုပေါ်မှာ မော်ဒယ်လေဘာတီ ရုပ်တုတခု ရှိပါတယ်၊ ဒီလေဘာတီရုပ်တုကို ၁၈၈၅ ခုနှစ်မှာ ရုပ်တုဆရာ ဘာသိုဒီ ထုလုပ်ခဲ့တာ ဖြစ်ပြီး စဲန်းမြစ်လယ်က ကျွန်းအတုပေါ်ကိုတော့ ၁၈၈၉ ဂျွန်လမှာ ပြောင်းရွှေ့ ရောက်ရှိလာတာ ဖြစ် ပါတယ်၊ အဲဒီရုပ်တုကို ပါရီမြို့ရောက် အမေရိကန်ပြည်ထောင်စုသားများအဖွဲ့ကနေ ပါရီသူ ပါရီသား များအတွက် ပြန်လည်ပြီးတော့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြတာလို့ ဆိုကြပါတယ်၊ အဲဒီ ရုပ်တု မော်ဒယ် လေဘာတီက နယူးယောက် လေဘာတီထက် လေးပုံတပုံခန့်သာရှိပြီး ၁၁ မီတာခွဲ အမြင့် ရှိပါတယ်၊ ဒီ စဲန်းမြစ်လယ်လေဘာတီ ကိုင်ထားတဲ့ စာအုပ်မှာတော့ အမေရိကန် လွတ်လပ်ရေးနေ့ ညီမျှခြင်း ပြင်သစ် အမျိုးသားနေ့ (ဘားစတီးနေ့)  « IV JUILLET 1776 = XIV JUILLET 1789 »
လို့ ဆိုပြီး ရေးသားထားတာကို တွေ့မြင်ရကြောင်းပါ၊


ဒုတိယ မော်ဒယ်လေဘာတီအရုပ် (၁၈၈၉) လူဇမ်ဘူးပန်းခြံ ပါရီမြို့ (ဓါတ်ပုံ မရငတ)
Modèle au Jardin du Luxembourg de Paris.
မူလပထမအစ မော်ဒယ်လေဘာတီ တည်ရှိရာနေရာကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ နာမည်ကျော် ပန်းခြံကြီး တခုဖြစ်တဲ့ Jardin du Luxembourg လူဇမ်ဘူး ပန်းခြံကြီးထဲမှာ ရှိပါတယ်၊ ဒီ လူဇမ်ဘူး ပန်းခြံကြီးဟာ နာမည် ကျော်ကြားမှု ရှိတာက မှန်ပေမယ့်လည်း မောင်ရင်ငတေ အပါအဝင် ဒီကနေ့ ပါရီမြို့က တိုးလ်ရစ်ဂိုက်တွေရဲ့ ပါရီ တနေ့တာ ခရီးစဉ်တွေမှာ ပါရှိလေ့ မရှိပါဘူး၊ ပါရီမြို့ရဲ့ အဓိက မရောက်မရှိရ သွားရမယ့်စာရင်းတွေမှာ ထိပ်ဆုံးက မပါရှိပေမယ့်လည်း ဒီပန်းခြံကြီးက ၁၆၁၂ ခုနှစ် ကတည်းက တည်ဆောက်ခဲ့တဲ့ ရှေး ပန်းခြံကြီး တခုပါ၊
ဒီပန်းခြံဝန်းကြီးထဲမှာ ဒီကနေ့ခေတ်မှာ အထက်လွှတ်တော် ဆီးနိတ်ရုံးအဖြစ် အသွင်ပြောင်းထားတဲ့
Marie de Médicis မိဖုရားကြီးရဲ့ Palais du Luxembourg စံအိမ်နန်းတော် အဟောင်းကြီးလည်းရှိ ပါတယ်၊ ဒီပန်းခြံကြီးထဲက လေဘာတီကမှ တကယ့်ကို မူရင်းပထမ မော်ဒယ်လေဘာတီ ရုပ်တုလို့ ဆိုကြသူတွေ တချို့ရှိပါတယ်၊ ဒီမော်ဒယ်လေဘာတီရုပ်တုကို ၁၉၀၀ ပြည့်နှစ်မှာ ပန်းပုဆရာကြီးက လူဇမ်ဘူးပြတိုက်သို့ လွှဲပြောင်းပေးအပ်ခဲ့တာပါ၊  ဒီရုပ်တုကိုင်ထားတဲ့ စာအုပ်အပေါ်မှာတော့ 15 de Novembre 1889 ဆိုပြီး ရုပ်ထုပြီးစီးတဲ့ ရက်စွဲရေးထာတာကို တွေ့ရှိရပါတယ်၊ ၁၉၀၆ ခုနှစ်က လူဇမ်ဘူးပန်းခြံထဲမှာ စတင်စိုက်ထူထားခဲ့တဲ့ အဲဒီမော်ဒယ်လေဘာတီရုပ်တုကို ၂၀၁၂ ခုနှစ်ကုန်မှာ  Musée d'Orsay ပြတိုက်သို့ပြောင်းရွှေ့ခဲ့ပြီး အခြားလေဘာတီရုပ်တုအသစ် အတုတခုနဲ့ အစားထိုး ထားရှိလိုက်ပါတယ်၊


နယူးယောက်လေဘာတီ (၂၈ အောက်တိုဘာ ၁၈၈၆)                   (Photo Khincorail)
၁၈၈၅ ခု ဂျွန်လ ၁၇ ရက်နေ့မှာ လေဘာတီ ရုပ်တုကြီးက အမေရိကန် နယူးယောက် ဆိပ်ကမ်းကို ရောက်ရှိခဲ့တာ ဖြစ်လို့ ဒီကနေ့ဆိုရင် နှစ်ပေါင်း ၁၃၀ တိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ စိုက်ထူပြီးစီးလို့ ဖွင့်ပွဲပြု လုပ်ခဲ့တာကတော့ ၂၈ ရက် အောက်တိုဘာလ ၁၈၈၆ ခုနှစ်မှာ ဖြစ်ပါတယ်၊
မူလအစကတော့ အမေရိကန် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ်လည်းကောင်း လူ့အခွင့်အရေးနဲ့
ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသူများအတွက် ကြိုဆိုခဲ့တဲ့ အထိမ်းအမှတ် ရုပ်တုကြီး တခုအဖြစ်လည်းကောင်း ပြင်သစ်လူမျိုးများက ကိုယ်စားပြုပြီး အမေရိကားတိုက်ကြီးသို့ ပေးအပ်ခဲ့ ပေမယ့်လို့ အခုအခါမှာတော့ ဒီ လေဘာတီ ရုပ်တုကြီးကလည်း ဘာမှမတတ်နိုင်တော့ဘဲ လက်ပြ နှုတ်ဆက်တဲ့ အသွင်ကို ဖော်ဆောင်လို့ နေနေပြီလား . … …. … ….. 

ဒီနေရာမှာ မောင်ရင်ငတေရဲ့ အတွေးပင်လယ်မှာ ဝင်လာခဲ့တာကတော့ အဲဒီလို လေဘာတီ အထိမ်းအမှတ် ကျောက်ရုပ်ကြီးက နယူးယောက်ဆိပ်ကမ်းကို ရောက်ရှိလာပြီး သိပ်မကြာခင် လပိုင်းမှာတော့ မောင်ရင်ငတေတို့ရဲ့ ရွှေ ရတနာပုံ မင်းနေပြည်တော်ကြီးလည်း အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့ရတာကိုပါ ခင်ဗျာ၊


Musée d'Orsay သို့ ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့ရောက်ရှိလာတဲ့ လူဇမ်ဘူးပန်းခြံထဲက လေဘာတီ
                                                                                               (ဓါတ်ပုံ မရငတ)
ပြင်သစ်တပြည်လုံးမှာတော့ လေဘာတီ ရုပ်ပွားတွေ အခု နှစ်ဆယ်ကျော် ရှိတယ်လို့ ဆိုကြပါတယ်၊ ကမ္ဘာတလွှားမှာလည်း လွတ်လပ်ရေး လူ့ အခွင့်အရေး အထိမ်းအမှတ် အဖြစ် မူပွားတွေ များပြားစွာ ထုလုပ်ထားကြပါတယ်၊ အဲဒီ ကမ္ဘာတလွှားက လေဘာတီများရဲ့ အကြောင်းကို  အပိုင်းနှစ် အဖြစ် ရေးပါအုံးမယ်၊

လေဘာတီ ရုပ်တု အမေရိကန် နယူးယောက် ဆိပ်ကမ်းကို ရောက်ရှိခဲ့တဲ့ (၁၇ ဂျွန်လ ၁၈၈၅)
အနှစ် ၁၃၀ ပြည့် အဖြစ် ရေးထားမှတ်ထားတာလေးတွေကို ဖြတ်ညှပ်ကပ်လိုက်တာပါ၊

မောင်ရင်ငတေ ၁၇၀၆၂၀၁၅
http://moemaka.com/archives/44103     (မိုးမခ) ဇွန် ၁၉၊ ၂၀၁၅

Aucun commentaire:

Enregistrer un commentaire