ယိုးဒယားမြေ (တစ်) La bouche de ROM
မောင်ရင်ငတေရဲ့ ဘဝတလျှောက်မှာ ထိုင်းလန်း သို့မဟုတ် ယိုးဒယားလို့ အမည်တွင်တဲ့မြေကြီးကို ကံကောင်းထောက်မစွာနဲ့ ကြိမ်ဖန်များစွာ နင်းခဲ့ဖူးပါတယ်၊
အဲလို နင်းခွင့်ခဲ့ရတာမှာ
နယ်မြေတော်တော်များများကို သွားခွင့်လည်း ရခဲ့ပါတယ်၊ နှစ်ပေါင်းအစိတ် ကျော်ကျော် အတွင်း
ရောက်ဖူးခဲ့သမျှမှာ မှတ်တမ်းတင်ဖို့ ကင်မရာ ဖလင် ဆေးခကူးခ မတတ်နိုင်ခဲ့ ပါလို့ အခု
နောက်ဆုံးအခေါက် ရောက်ခဲ့တာမှာ တတ်နိုင်သလောက် ရိုက်ကူးမှတ်တမ်းတင်ခဲ့သလို အချိန်တော်တော်များများလည်း
ပေးခဲ့ရပါတယ်၊ ကင်မရာဓါတ်ပုံ ရိုက်ကူးရေး အတတ်ပညာတွေကို နကန်းတလုံး နားမလည်ပါတဲ့ မောင်ရင်ငတေရဲ့
ရိုက်ချက်တွေကို သည်းခံကြဖို့တော့ သတိပေးချင် မိပါတယ်၊
အဲဒီလို ရောက်ရှိရိုက်ကူးခဲ့တဲ့
မှတ်တမ်းတွေထဲမှာမှ မှတ်မှတ်ရရနေရာလေးတွေကို အချိန်ရခိုက်မှာ ပြန်လည်ပြီး ခံစားကြည့်မိတာကတော့
မောင်ရင်ငတေရဲ့ မွေးရာပါအကျင့်တခုပါ၊
La
bouche de ROM (ဓါတ်ပုံ မရငတ)
ရောက်ခဲ့ဖူးတဲ့ အထဲက
အလွမ်းဆုံး အလှပဆုံး နေရာတွေထဲက တနေရာပါ၊
ထိုင်းပင်လယ်ကွေ့နဲ့
ထိတွေ့နေတဲ့ ရွမ်မြစ်ဝပါ၊ တကယ်တော့ ရွမ်က မြစ်ဆိုတာထက် တူးမြောင်းလို့
ပြောမယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်၊
ချောင်းသာသာ ရှိတာပါ၊ တူးမြောင်းကနေ အဲဒီလို ချောင်းကလေး ဖြစ်လာတာလား ချောင်းကနေ တူးမြောင်း
ဖြစ်သွားတာလားတော့ မသဲကွဲလှပါဘူး၊ ထိုင်းဘာသာနဲ့ မှတ်တမ်း ရှိကောင်းရှိနိုင်ပေမယ့်
တခြားဘာသာစကားတွေနဲ့တော့ ရှာဖွေဖို့ မလွယ်ကူပါဘူး၊
ပင်လယ်ပြင်ကနေ တလိမ့်လိမ့်
တငြိမ့်ငြိမ့် လှိမ့်တက်လာတဲ့ ရေလှိုင်းလေးတွေဟာ ဖြေးဖြေးငြိမ့်ငြိမ့် စီးဆင်းလာတဲ့
ရွမ်မြစ်ရဲ့ရေစိမ်းစိမ်းမြမြတွေနဲ့ ပေါင်းစပ်လို့သွားပုံကတော့ အတော်ကြီးကို ကြည့်လို့
ကောင်းလှပါပေတယ်၊ ဟိုးအရင် တံငါရွာ ဖြစ်ခဲ့ပြီး အခုအခါမှတော့ ပင်လယ်ကမ်းခြေ စီးပွားရေးက
တွက်ခြေကိုက်တဲ့ လုပ်ငန်းဖြစ်လာလို့ အနောက်နိုင်ငံသားများရဲ့ မျက်စေ့ကျရာ သဲသောင်ကမ်းခြေ
နေရာသစ်တခု ဖြစ်လို့ လာနေပေမယ့် ဒီကနေ့ထိတော့ ဒေသခံသားများသာ ပိုမို သိရှိတဲ့ နေရာသာ
ဖြစ်နေပါသေးတယ်၊ ဒါကြောင့်မို့လို့ ထင်ပါတယ်၊ ပတ်ဝန်းကျင်မှာ လူသူ သိပ်များများ မတွေ့ရသလို
တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့အတူ ရွမ်ရေစီးသံ ပင်လယ်လှိုင်းပုတ်သံ ခပ်တိုးတိုးကြားမှာ တံငါလှေရဲ့
စက်သံတချို့နဲ့ ဆိုင်ကယ်
တစီးတလေ ဖြတ်သွားတဲ့အခါ ကြားရတဲ့ စက်သံတွေက လွဲလို့ အနှောင့် အယှက် ကင်းလှပါတယ်၊
ရွမ်ရေပြင်မှ
ထိုင်းပင်လယ်ရေပြင်ဆီသို့ (ဓါတ်ပုံ မရငတ)
ရွမ် တူးမြောင်း သို့မဟုတ်
ရွမ် မြစ်ရဲ့ မြစ်ဝ တည်ရှိရာမှာ Prachuap Khiri Khan ဆိုတဲ့ မြို့ကလေး ရှိပါတယ်၊ မောင်ရင်ငတေတို့ရဲ့
ဘိတ်သူဘိတ်သားများကတော့ * ပကျော့ * လို့ ခေါ်ဆိုကြပါတယ်၊
မိုတောင်နယ်ခြားဂိတ်
တည်ရှိရာ တနင်္သာရီတောင်တန်းနဲ့ ထိုင်းပင်လယ်ကွေ့ရဲ့ ပင်လယ်ရေပြင်က ၁၁ ကီလိုမီတာသာ ကွာဝေးတာပါ၊
ဒီကနေ့မှာတော့ ဒီ နယ်မြေကို နှစ်နိုင်ငံသားတွေ အလွယ်တကူ
ကူးသန်းသွားလာခွင့်တွေ
ရလာဖို့ ဒေသခံနယ်မြေသားတွေရဲ့ ဆန္ဒများ ပြည့်ဝလာဖို့
မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာပြီလို့ ဆိုကြပါတယ်၊
မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာပြီလို့ ဆိုကြပါတယ်၊
မောင်ရင်ငတေ ၂၈၀၅၂၀၁၅
Aucun commentaire:
Publier un commentaire