Libellés

Archives du blog

vendredi 8 mai 2015

** ဇင်းမယ်အစုန်အဆန် ** *



ခရီးသွာခြင်းအနုပညာ ** ဇင်းမယ်အစုန်အဆန်  ** * မိတ်အင်ထိုင်းလန်း **
မောင်ရင်ငတေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထိုင်းကို ရောက်ရှိနေခိုက် ဘန်ကောက်ကနေ ချင်းမိုင်ကို နေ့ရထားစီးပြီးသွားခဲ့စဉ် ရထားပေါ်မှာ ဓါတ်ပုံရိုက်လိုက် စာလေးတကြောင်းနှစ်ကြောင်း ရေးလိုက်နဲ့
ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ် တင်လိုက် လုပ်ခဲ့တာလေးတွေကို ပြန်အချောသတ် ရေးလိုက်တာပါ၊

ထိုင်း သို့မဟုတ် ယိုးဒယား ဘန်ကောက် သို့မဟုတ် ဘီကေကေ ချင်းမိုင် သို့မဟုတ် ဇင်းမယ် ဆိုပြီး  တယ်လီဖုန်းမျက်နှာပြင်မှာ အစဉ်ပြေသလို ရေးမိရေးရာ ရေးမိတာကြောင့် သည်းခံပြီးဖတ်ကြပါရန်၊
ဘယ်လိုခေါ်ခေါ် ဘယ်လိုရေးရေး လူသိများတဲ့ အသုံးအနှုန်းတွေသာပါနော်၊


La gare de Hua Lamphong (สถานีรถไฟ หัวลำโพง)                               (ဓါတ်ပုံ မရငတ)
အတိတ်သမိုင်းထဲက ချင်းမိုင် သို့မဟုတ် ဇင်းမယ် မြို့တော်ကို ဒီကနေ့ ခရီးဆက်ပါမယ်၊
တွဲသုံးတွဲသာပါပါတဲ့ ဘန်ကောက် ချင်းမိုင် Special Express မီးရထားကြီးက ဘီကေကေရဲ့ Hua Lamphong ဟွာလန်ဖုန် ဘူတာကြီးကနေ မနက်ရှစ်နာရီခွဲမှာ ခရီးစတင်မှာဖြစ်ပြီး ချင်းမိုင်မြို့တော် ကိုတော့ ညရှစ်နာရီခွဲမှာ ရောက်မှာပါ။ ၁၂ နာရီကြာမြင့်မယ့် ဒီခရီးစဉ်ကတော့ ၁၇ နှစ် ကြာမြင့်ပြီးမှ ပြန်လည်ခြေချဖြစ်မယ့် စိတ်ဝင်စားဖွယ်ရာ ခရီးတခု ဖြစ်လာမှာ မလွဲပါဘူး၊

ခရီးသွားခြင်းကို အနုပညာတခုလို သတ်မှတ်ချင်လို့ မောင်ရင်ငတေရဲ့ ခရီးသွားရင်းနဲ့ ဟိုရေးဒီရေး
ရေးခဲ့မိသမျှကို ** ခရီးသွာခြင်းအနုပညာ *** လို့  ခေါင်းစဉ်တပ် ရေးလိုက်တဲ့အခါမှာ အနုပညာဖွဲ့ ခရီးသွားခြင်းဆိုရင် ပိုသင့်တော်လိမ့်မယ်လို့ အကြံဥာဏ်ပေးခဲ့ပါသော မောင်ရင်ငတေ့ ချစ်မိတ်ဆွေ မိုးမခကရေးဖော်ကြီး ကိုကျော်ဟုန်းကိုလည်း ဒီစာတွေနဲ့အတူ သတိတရ ကျေးဇူးတင်ရှိရပါကြောင်း ဇင်းမယ်မြို့ကို ဖိတ်ခေါ်ခဲ့ကြသော သူငယ်ချင်းများ ဇင်မယ်မြို့မှာ တွေ့ဆုံခဲ့ကြရသော မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါတယ် ခင်ဗျာ၊
နောင်နှစ်များမှာလည်း ပြန်လည်ဆုံခွင့်ရဖို့ တောင်းဆုပြုလိုက်ရပါတယ်၊





ထိုင်းမမ နေ့ရထားရဲ့ အထက်တန်းတွဲ                  (ဓါတ်ပုံ မရငတ) 
မောင်ရင်ငတေတို့ ဟိုးအရင်ငယ်စဉ်က အသုံးအနှုန်းနဲ့သုံးလို့ အထက်တန်းတွဲ ပြောရပေမယ့် တွဲရဲ့ နဘေးမှာ ရေးထားထာကတော့ ဒုတိယတန်းတွဲလို့သာပါ၊ ဥရောပမှာလည်း အဲလိုသာ ရေးပါတယ်၊ ဒုတိယတန်းတွဲ အဲယားကွန်းတွဲ နှစ်တွဲနဲ့ ပန်ကာတွဲ တတွဲ စုစုပေါင်း သုံးတွဲသာပါတဲ့ ရထားပေါ်မှာ ထိုင်းလူမျိုးတချို့နဲ့ အများစုကတော့ မျက်နှာဖြူဖြူ လူဖြူဖြုများသာပါ၊ ထိုင်ခုံအားလုံးရဲ့ သုံးပုံ နှစ်ပုံ လောက်သာ ခရီးသည် ရှိပါတယ်၊ ကံကောင်းချင်တော့ မောင်ရင်ငတေဘေးမှာ ထိုင်ခုံကအလွတ်ပါ၊

သုံးမိနစ် နောက်ကျပြီး စထွက်လာတဲ့ ဒီရထားက ငါးမိနစ်မျှ မောင်းပြီးတဲ့ အခါမှာတော့ ဘာကြောင့် မှန်းမသိ ရပ်နေတာ ဆယ်မိနစ်ကျော် ကြာပါတယ်၊ မောင်ရင်ငတေတို့ဆီက ကိုရွှေတို့ရဲ့ ရွှေ "မမ"နဲ့ ငါလား နင်လား ပေါ့ ခင်ဗျာ၊
အဲဒီမှာတင် မောင်ရင်ငတေရဲ့ ဖေ့စ်ဘုတ်ခ်မျက်နှာပြင်မှာ သူတို့ ‘ရွှေမမ’ကို ထိခိုက်လို့ မကျေနပ်တဲ့
စာတွေ အလျှင်အမြန် တက်လာပါလေရော၊
ဟေ့လူကြီး ဒို့ (မမ) နဲ့ လာမယှဉ်နဲ့ ဒို့ (မမ) က ပိုကြာတယ် ယှဉ်လို့မရဘူး ဒါဘဲ ... .. .  .. .. .. တို့
ရွှေမမတို့ကတော့ ရွှေတံဆိပ်ပိုင်ရှင်ပါ ယပက်လက်မမကိုတော့ ကြေးလောက်ပေးသင့်ပါတယ် တို့ အခု ထွက်ချင်ထွက်မယ် တော်ကြာနေ ရပ်ချင်ရပ်မယ် ရောက်ချင်တဲ့ အချိန် ရောက်မယ် ..… တို့ပါ၊
သူတို့ ချစ်မြတ်နိုးတဲ့ ရွှေမမကို ထိတော့ မခံချင်ကြဘူးလေ၊ လူသားတွေရဲ့ သဘာဝ မဟုတ်ပါလား၊
အဲဒီလိုနဲ့ ဓာတ်ပုံထဲမှာ လန်းနေသလို ထင်ရမြင်ရပါတဲ့ အပြင်မှာတော့ ခပ်ရွဲရွဲ ထိုင်း "မမ" လေးဟာ ငါးမိနစ်မောင်းပြီး မိနစ် ၂၀ ကျော် ရပ်နေတာက ခပ်လေးလေး ခပ်မှန်မှန်နဲ့ ပြန်ထွက်ပါတော့တယ်၊



Daewoo DMU Number 2538          (Photo BKK NKM)
တဘူဘူ တဘော်ဘော် ဟွန်းသံတညံညံပေးပြီး ဟွာလန်ဖုန်ဘူတာကြီးကနေ ရှစ်နာရီခွဲမှာ သုံးမိနစ် နောက်ကျပြီး ထွက်လာတဲ့ ထိုင်း"မမ" ဟာ ဘန်ကောက်ရဲ့ မြောက်ဘက်အစွန်းက ရန်ဆစ် ဘူတာ ရောက်တော့ ကိုးနာရီ ငါးဆယ့်နှစ်မိနစ် ရှိပါပြီ၊ ဘီကေကေရဲ့ မြို့ပြနယ်နမိတ်အပြင် ရောက်လာလို့ ထင်ပါရဲ့ ငါ့ကိုအထင်မသေးပါနဲ့ ဆိုသလို အရှိန်တင်ဂီယာမြှင့်ပြီး စတင်မောင်းပါတော့တယ်၊ အမြန်
နှုန်းထား သတ်မှတ်ချက်ကတော့ တနာရီ ကီလိုမီတာ ၁၂၀ ထိ တင်မောင်နိုင်တဲ့ စက်ခေါင်းတွေပါ၊ စက်ခေါင်းဆိုပေမယ့်လည်း ခေါင်းတွဲရယ်လို့ သီးသန့်တော့ မဟုတ်ပါဘဲ လူစီးတွဲသုံးတွဲမှာ ဟိုဘက်
ဒီဘက် ထိပ်နှစ်ဘက်ကနေ မောင်းလို့ရတဲ့ ဒီဇယ် မီးရထားတွေပါ၊ ရထားတွဲက အဲယားကွန်းပါတဲ့ ရထားတွဲ ဆိုပေမယ့် ထူးခြားတာက ပန်ကာတွေကိုပါ တပ်ထားပြီး ဖွင့်ပေးထားခြင်းပါ၊ ထိုင်းနိုင်ငံရဲ့ စင်တီဂရိတ် လေးဆယ်ကျော်နေတဲ့ အပူချိန်ကို အံတုနိုင်ဖို့ တပ်ဆင်ပေးထားတာကို ကျေးဇူးတင်ဖို့
ကောင်းလှပါပေတယ်၊

ထိုင်းမီးရထားလုပ်ငန်းက နိုင်ငံပိုင်ဖြစ်ပါတယ်၊ ရထားသံလမ်းတွေကတော့ မဆိုးလှတာကို တွေ့ရပြီး ရထားတွဲတွေကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဂျပန်မှာ အသုံးပြုခဲ့တဲ့ တပတ် နှစ်ပတ်ရစ် အဟောင်းတွေရယ် ကိုရီးယားဖြစ် ဒေဝူး ၁၉၉၀ ခုနှစ်ကျော် မော်ဒယ်တွေက အများစုပါ၊ အဆင့်မြင့် ရထားတွဲတွေ မဟုတ်ပေမယ့် ကမ္ဘာနိုင်ငံ အများစုမှာတော့ ဒီလိုအဆင့်မျိုးတွေကိုသာ အများအပြား တွေ့နေရဆဲပါ၊ မီးရထားဖြင့် ခရီးသွားခြင်းကို အဓိကထားတဲ့ အနောက်ဥရောပ နိုင်ငံတွေနဲ့ကတော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်သေးဖူး ဆိုတာကိုတော့ မောင်ရင်ငတေ ပြောချင်ပါတယ်၊

၁၉၉၀ ပြည့်လွန်နှစ်များက ဘန်ကောက် ကေအယ်လ် ရထားစီးခဲ့ဖူးတဲ့ မောင်ရင်ငတေ့ သူငယ်ချင်း တယောက်ကတော့ ဒီလို ပြောလာပါတယ် သူဘန်ကောက်ရောက်စ Hat Yai ဟတ်ချိုင်သွားတဲ့ခရီး အတွေ့အကြုံ အရတော့ မြန်မာပြည်က အနည်းငယ် သာခဲ့ပါကြောင်း၊ ကိုရီးယားက ရောက်လာတဲ့ တွဲအသစ်တွေ စက်ခေါင်းအသစ်တွေရယ် ရန်ကုန်ဘူတာကြီးက ဟွာလန်ဖုန်ထက် လှပနေတာတွေ ရယ် ကိုပေါ့၊ အဲဒီ အချိန်ကပါ၊ ဒါပေမယ့် ဘူတာအဆောက်အအုံကို ခေတ်မှီအောင် ယှဉ်ပြိုင်ရုံလေး ဆိုရင်တော့ဖြင့် သို့တည်းမဟုတ် ရထားလေး တနေ့တစင်းနှစ်စင်းဆိုသလို သွားနိုင်တာလောက်ကို မောင်ရင်ငတေ ဘာမှ မပြောချင် မပြောတော့ပါဘူး၊ ဒါမျိုး Public Transport ဆိုတာမျိုးက နေ့ မြင် ပျောက် ဥုံဖွ သာ လုပ်လို့ ရမယ်ဆိုရင်တော့ မောင်ရင်ငတေလည်း လုပ်ပြချင်ကြောင်းပါ၊



အပွင့်အခက်အစုံအလင်နဲ့ ထိုင်းမမရဲ့ လက်မှတ်စစ်                             (ဓါတ်ပုံ မရငတ)
ရထားစထွက်လာလို့ သိပ်မကြာခင်မှာဘဲ အစိမ်းရောင် ၀တ်စုံအပြည့်နဲ့ ကပ်ဦးထုပ် ဆောင်းထားပြီး
ရှိုးခပ်ကောင်းကောင်းနဲ့တယောက် ပေါ်လာပါတယ်။ ယူနီဖောင်းမြင်ရင် ကြောက်စိတ်မကုန်သေးတဲ့
မောင်ရင်ငတေလည်း ပထမတော့ လန့်သွားပါသေးတယ်၊ သူ့ ပခုံးမှာကလည်း ကြယ်ပွင့်တွေနဲ့ ကိုး၊
ကြယ်သုံးပွင့်နဲ့ အကောက်တကောက် တပ်ဆင်ထားတဲ့ အဲဒီပုဂ္ဂိုလ်ကြီးက မီးရထားလက်မှတ်စစ်ပါ၊ တာဝန်ကျေလှပါတယ်၊ တွဲပေါ် တက်လာသူတိုင်းကို မလွတ်တမ်း စစ်ပါတယ်၊ (အပြန်ခရီး Special Express Train ရထားရဲ့ လက်မှတ်စစ်ပုဂ္ဂိုလ်ကိုတော့ မြင်တောင်မှမမြင်လိုက်ရပါဘူး၊) အဲသလိုပါ၊ လက်မှတ်စစ်ဆိုတဲ့သူတွေ ဥရောပရထားတွေ ပေါ်မှာလည်း တခါတလေ လူစိတက်စိ မစစ်တော့ပါ၊ (မောင်ရင်ငတေ ဖဘကမိတ်ဆွေ တယောက်ကတော့ ထိုင်းက လက်မှတ်စစ် ယူနီဖောင်းဝတ်တွေ အကြောင်း ဟုတ်တယ်ဗျဆိုပြီး ထောက်ခံစကား ဒီလိုပြောပါတယ်၊ ၂၀၀၉ ခုနှစ် ထိုင်းရောက်တုန်း ထိုင်းမှာ ယူနီဖေါင်း ကောင်းကောင်းတွေနဲ့ ၀န်ထမ်းတွေကို စိတ်ဓါတ်မြှင့်တင်ပေးထားတာ သတိပြု မိပါတယ်မဲဆောက်ကားဂိတ်က သန့်ရှင်းရေး ၀န်ထမ်းကလည်း ယူနီဖေါင်း အပျံစားနဲ့ဗျ အပွင့်တွေ တောင်ပါသေး” ဆိုပြီးတော့ပါ၊ နောက်တယောက်ကတော့ မြန်မာပြည်က ဆေးရုံအပေါက်စောင့်ကို ယူနီဖောင်းဝတ် ပေးကြရအောင် .. ဟီးးးးးးးးးး ဘယ်လောက်တောင် တောင်းမလဲ မသိဘူး” လို့ပါ၊ ယူနီဖောင်းဝတ်တွေနဲ့ ပတ်သက်ပြီး မြင်ကြတဲ့အမြင်တွေကို စုပြီး စာတအုပ် ရေးမယ်ဆိုရင် နာမည် ကျော်သွားနိုင်ကြောင်းပါခင်ဗျာ၊ ယူနီဖောင်းရဲ့တာဝန်ခံမှုက ဝတ်ဆင်ထားတဲ့သူ အပေါ်မှာသာလား ဘယ်သူအပေါ်မှာ မူတည်နေပါသလဲ ဆိုတာကို မောင်ရင်ငတေ အတွေးပွားမိ လိုက်ရပါသေးတယ်၊


 ထိုင်းမမရဲ့ မီးရထားမယ်လေး                                                     (ဓါတ်ပုံ မရငတ)
အဲဒီနောက်မှာတော့ ထိုင်းမမက တဂျုံးဂျုံး တဂျိုင်းဂျိုင်းနဲ့ အရှိန်နှုန်း မှန်မှန်နဲ့ မောင်းနှင်နေသလို
လူစီးတွဲသုံးတွဲမှာ တတွဲကို သုံးလေးယောက်လောက်ပါလာပါတဲ့ ထိုင်းမမရဲ့ မီးရထားမယ်လေးများ  
(မလေးမစားလုပ်ခြင်း မဟုတ်ပါ၊ လေယာဉ်မယ်လေးများဆိုတဲ့ စကားကို မိတ္တူပွား ထားခြင်းသာပါ)
သူတို့ဟာ ရထားထွက်လို့ လာစဉ်ကတည်းက တဟီးဟီး တဟားဟားနဲ့ စုဖွဲ့ပြီး ဟီးလားတိုက်လာခဲ့ ကြရာက အခု စတင်ပြီး အလုပ်လုပ်ကြပါပြီ၊

မောင်ရင်ငတေ စီးဖြစ်ခဲ့တာက နေ့ရထား ဖြစ်တော့ကာ ထိုင်းရဲ့ နေ့ရထားတွေမှာ စားသောက်ဆိုင် စားသောက်တွဲ မပါပါဘူး၊ ပါလေ့ မရှိပါဘူး၊ ညရထားတွေမှာတော့ နောက်ဆုံးတွဲမှာ စားသောက်တွဲ ပါတယ် ပြောပါတယ်၊ ညရထား စီးခဲ့ဖူးသူ တယောက်ကတော့ ညမှောင်မှောင် လရောင်အောက်မှာ ရထားစီးရင်းဘီယာသောက်ရင်း တောတောင်တွေ ငေးကြည့်ခဲ့ရပေါ့လို့ ဆိုပါတယ်၊ မောင်ရင်ငတေ ကတော့ နေ့ရထားစီးချင်လို့ကို တမင်ရွေး စီးခဲ့တာပါ၊ နေ့ရထားနဲ့ဆိုတော့ တောတွေတောင်တွေကို မြင်ရတွေ့ရ ဓာတ်ပုံရိုက်လို့ ရတာကြောင့်ပါ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ ရထားပြူတင်းကနေ လေလေး တဖြူးဖြူးတိုက်တဲ့ အရသာကို ခံယူရင်းနဲ့ စိမ်းလန်းစိုပြေ သာယာပါတဲ့ လယ်ကွင်းတွေ တောင်တွေ တောတွေ ကျေးတောရွာတွေရဲ့ သဘာဝအလှတွေကို ဇိမ်ခံကြည့်ချင်တာပါ၊


တာဝန်ကျေပြွန်ကြပါသော တွဲသန့်ရှင်းသူများ                                  (ဓါတ်ပုံ မရငတ)
ဒီလိုမျိုး တွဲသန့်ရှင်းသူများလည်း ပါဝင်သလို တာဝန်လည်းကျေပြွန် ကြပါတယ်၊ တခုတော့ ဥရောပ
နဲ့ ကွာတယ်လို့ ဆိုရမှာကတော့ ဥရောပမှာ အခုလိုမျိုး ရထား သွားနေစဉ်မှာ သန့်ရှင်းရေး လုပ်လေ့
လုပ်ထ မရှိတာပါ၊ တနေရာနဲ့ တနေရာ လုပ်ကိုင်စီစဉ်ပုံတွေ မတူနိုင်တာကို နားလည်ပေမယ့် ဒီလို
အလုပ်မျိုး ဘဝအတွက် လုပ်စားနေရသူများရဲ့ ရင်တွင်းခံစားမှုများကို မောင်ရင်ငတေကိုယ်တိုင် ဒီ
အလုပ်မျိုးကို လုပ်ကိုင်ခဲ့ဖူးတာမို့ ကိုယ်ချင်းစာတရားနဲ့အတူ ဥရောပစနစ်ကို ပိုလက်ခံချင်မိပါတယ်၊
ဒီကနေ့ ဥရောပမှာလည်း လူသားချင်း စာနာမှု နည်းပါးသူတွေ များလာပြန်တာကြောင့် ဒီလိုမျိုးတွေ ဒီလိုစနစ်ဆိုးမျိုးတွေကို ပြန်လည်တွေ့ရှိလာပါတယ်၊ မောင်ရင်ငတေလည်း ဘာတတ်နိုင်ပါ့မလဲနော်၊ တွေးမိတာလောက် ရှိတာပါ၊


အယုဒ္ဓယ ရိတ်သိမ်းပြီး ရွှေရောင် စပါးခင်းများ                                       (ဓါတ်ပုံ မရငတ)
ဘန်ကောက်မြို့တော် မြောက်ဘက်စွန်း ရန်ဆစ်ဘူတာကနေ အယုဒ္ဓယ မြို့ဟောင်းကို ထိုင်းမမက တကယ်တမ်း အရှိန်တင်မောင်းတော့ မိနစ် ၂၀ ကျော်မျှသာကြာတာပါ၊ အယုဒ္ဓယကို ကျော်လာခဲ့ပြီ ဆိုရင်တော့ ထိုင်းကျေးလက်ရဲ့ ရနံ့တွေ စတင်လို့ ခံစားရပါပြီ၊ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းပြင်တွေ စိုက်ခင်းပြင်တွေကို တမျှော်တခေါ်ကြီး တွေ့မြင်နေရပါပြီ၊ တကမ္ဘာလုံးမှာ ဖြန့်ကျက် ရောက်ရှိနေတဲ့ ကြယ်ငါးလုံးအဆင့် ဆိုကြတဲ့ ထိုင်းရေမွှေး ဆန်အိတ်ပုံကြီးတွေကို မောင်ရင်ငတေရဲ့ မျက်လုံးထဲမှာ မြင်ရောင်မိလာပါတယ်၊ နားထဲမှာ ကြားယောင်လာမိတာကလည်း ·¯,¸ø¤º°`°º¤ø,¸, ရွှေရောင် စပါးခင်းများရယ် လေအလာ ယိမ်းနွဲ့လို့ ရယ် ¸¸·¯·¸¸·¯·¸¸¸¸°º¤ø တေးသွားကလေးပါ၊ တငြိမ့်ငြိမ့် တရိပ်ရိပ်နဲ့ မောင်ရင်ငတေ စိတ်ထင် တနာရီ ကီလိုမီတာ ၇၀ ကျော် ၈၀ နှုန်းလောက်နဲ့ ပြေးနေတဲ့ “ထိုင်းမမ” ဟာ တွဲတွေက ဂျပန်အကျ တပတ်ရစ် နှစ်ပတ်ရစ်တွေ ဖြစ်နေပေမယ့် ရထား လမ်းတွေကတော့ အတော်လေးကောင်းမွန်သပ်ရပ်လို့သာ ဒီလိုပြေးနိုင်နေတာ သေချာပါတယ်၊ ဂဝံ  
ကျောက်ခဲတုံးတွေ ဘယ်ရောက်သွားမှန်း မသိတော့တဲ့ ပျဉ်းကတိုးသား ဇလီဖားတုံး ကျိုးတိုးကျဲတဲ
တွေပေါ် အမှတ်တရ ဓာတ်ပုံတွေ သွားရိုက်ခဲ့ဖူးတဲ့ ကျောင်းသားဘဝက ဘော်ဒါအပေါင်းနဲ့ အတူတူ
ကျောင်းနေဘက် ရွှေမမလေးများကိုလည်း “ထိုင်းမမ” စီးနေရင်းနဲ့ အမှတ်ရမိနေကြောင်းပါ၊



မာကိုပိုလိုရဲ့ လောဘူရီ                                                               (ဓါတ်ပုံ မရငတ)
ဘန်ကောက်မြို့က ကီလိုမီတာ ၁၅၀ ကျော် ကွာဝေးတဲ့ ရှေးမြို့တော်ဟောင်း တခုဖြစ်တဲ့ Lop Buri မြို့ကို မောင်ရင်ငတေရဲ့ ထိုင်းမမဟာ မနက် ၁၁ နာရီ နှစ်မိနစ်မှာ ရောက်ရှိပါတယ်၊ သုံးမိနစ်မျှသာ ထိုင်းမမက အချိန်ရတာမို့ ခြေချခွင့် မကြုံခဲ့ရပါဘူး၊ နောင်များ ကြုံခဲ့ရင်တော့ မောင်ရင်ငတေထက် နှစ်ပေါင်းများစွာစောပြီး ခရီးသွားခြင်း အနုပညာကို ချစ်မြတ်နိုးလှပါတဲ့ ဗွိုင်ယေဂျာကြီး မာကိုပိုလိုရဲ့ ခြေရာများကို လောဘူရီမှာ လိုက်ရှာ ကြည့်ချင်မိရပါသေးတယ်၊ ချစ်သော မာကိုပိုလိုတယောက်ကို သနားမိတာကတော့ သူ့ ခင်ဗျာ ခရီးတွေသာ သွားခဲ့ရပါတယ် ...... ကားလည်းမစီးဖူး ရထားလည်း မမြင်ဖူးဘူး ..... . … … . လက်တော့တို့ တက်ပက်လက်တို့ ကင်မရာတို့ ဝိုင်ဖိုင်တို့ အင်တာနက်တို့ အိုင်ဖုံး အိုင်ပက်တို့ကို မသုံးတတ် မသိခဲ့ရတာကိုပါ၊ ခေတ်ကာလတွေက အတော်ကွာခြားခဲ့ရပြီကိုး၊ အီတလီ ဗင်းနစ်မြို့သား Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄) ဒီနယ်မြေကို ရောက်ခဲ့နင်းခဲ့ဖူးခဲ့ စဉ်က မပြောပါနဲ့ မောင်ရင်ငတေတို့ ယိုးဒယားမြေကြီးကို စတင်နင်းစဉ်အချိန်က ဒီလိုမျိုးရထားခရီး သွားနေခိုက်မှာ သောက်ရင်သောက် မသောက်ရင်မှောက် ဒါမှမဟုတ် တောငေးတောင်းငေး ငေးပြီး
ရထားကြီး ခေါ်ဆောင်ရာနောက်ကို လိုက်သွားရုံမျှသာပါ၊ Les voyages du père de Marco Polo
လို့ တင်စားခေါ်တွင်ခဲ့ရပါတဲ့ ပုဂံရွှေပြည်ကို ရောက်ခဲ့ဖူးပါတယ်ဆိုကြတဲ့ မာကိုပိုလိုရဲ့ ခရီးသွားခြင်း
အနုပညာတွေကို ကြုံကြိုက်ခဲ့ရင် ထည့်သွင်းရေးသားချင်ပါသေးတယ်၊ ၁၃ ရာစုနှစ်ဆီက မာကိုပိုလို
တို့တတွေ ခရီးသွားပုံမျိုးနဲ့တော့ ထပ်တူမကျနိုင်ပေမယ့်လည်း မာကိုပိုလိုတို့ရဲ့ ပိုး လမ်းမကြီးကနေ ဥရောပမြေကို ကုန်းကြောင်းခရီး ပြန်သွားကြည့်လိုက်ချင်စိတ်ကတော့ ပေါ်လို့လာမိ ရပါသေးတယ်၊
ဒီလောဘူရီလို့ ဒီကနေ့ခေါ်တွင်နေတဲ့ Lavo ခေါ်တဲ့မြို့တော်ဟောင်းက အေဒီငါးရာစု ခေတ်ကစလို့
တည်ရှိခဲ့တဲ့ သမိုင်းအဟောင်းတွေနဲ့ မြို့တော်ဟောင်းပါ၊ Lavo Kingdom ရဲ့ နှောင်းပိုင်းကာလ ၁၁ ရာစုနှစ်ကုန်ခါနီးမှ အယုဒ္ဓယဘက်ကို မြို့တော်ပြောင်းရွှေ့လာခဲ့တာပါ၊ တကယ်တမ်းတော့ ဒီကနေ့ ထိုင်းမြေကြီးဆိုတာက ငါးရာစုလောက်ကနေ ၁၄ ရာစုတဝက်ကျော်အထိ မွန်တိုင်းပြည်လို့ ပြောရင် ရမှာပါ၊ တောင်ပိုင်း Lavo Kingdom နဲ့ခေတ်ပြိုင် Hariphunchai ဆိုတာရဲ့ မြို့တော်က Lamphun မြို့ပါ၊ အဲဒီခေတ်က သုံးခဲ့တဲ့ ဘာသာစကားကတော့ မွန်ဘာသာ စကားပါ၊ မှတ်သားဘွယ်ရာပါ၊

မောင်ရင်ငတေ ဒီလို ရထားလှိုင်းကို မူးမူးနဲ့စီးနေရင်း ရေးမိရေးရာရေးနေတာကို မြှောက်ပေးသူတွေ ကလည်း ဒီလို "ကိုယ်တိုင် ရောက်နေသလိုပဲ စလုံး ရောက်ရင်လည်း ဒီလို မလေး ရောက်ရင်လည်း ဒီလို ပါရီ ရောက်ရင်လည်း ဒီလို Post တွေ တင်ပေးပါဦး" "ရထားနဲ့သွားတာ ပျော်စရာကြီး အဲဒီလို မှန်းသိရင် လာမှအတူတူ သွားပါတယ်” ဆိုပြီး မြှောက်ပင့်ပေးနေကြသူတွေရော "ဒီတစ်ခါ ခရီးသွား ဆောင်းပါးကတော့ကောင်းမယ့်ပုံ” အရင်အခါတွေကတော့ မကောင်းဘူးလို့ ဆိုလိုချင်သလားတော့ မသိပါဘူး၊ အမျိုးမျိုး ဝေဖန်လေကန် ကြပါတယ်၊ ဘယ်သူတွေ ဘာပြောပြော အရေထူ နေတတ်တဲ့ မောင်ရင်ငတေကတော့ တွေ့ရာမြင်ရာတွေကို ရေးချင်ဇောနဲ့ရေးချင်သလိုသာ ရေးနေပါတော့တယ်၊


စည်သွပ်ငါးနဲ့ နေ့လည်စာ                                                            (ဓါတ်ပုံ မရငတ)
အဲဒီလို တယောက်တည်း အလုပ်ရှုတ်နေပါတဲ့ မောင်ရင်ငတေရဲ့ ဘေးနားကို ပန်းရောင်အရိပ်တခု ရောက်လာလို့ မော့ကြည့်လိုက်တော့ “ထိုင်းမမ” ရဲ့ မမချောလေးတယောက်ပါ၊ နေ့လယ်စာစားချိန် ရောက်လာပြန်တော့ သူလေးကလည်းရောက်လာပြန်တာပါ၊ ငါးသေတ္တာဟင်းနှစ်ဗူးရယ် ခေါက်ဆွေ
ခေါ်တဲ့ လှပသော ထမင်းတဗူးရယ် သောက်စရာ ရေတခွက် လာပေးပါတယ်၊ စည်သွပ်ငါးဗူးတွေရဲ့
ဘာမှပြောစရာ မရှိပါတဲ့ အရသာကြောင့် ဗိုက်ပြည့်အောင်သာ ရေနဲ့ မျှောချ လိုက်ရပါတော့တယ်၊ မောင်ရင်ငတေရဲ့ဖေးဗရိတ် နှစ်မချို့တချို့ ဝိုင်နီလေးတခွက်လောက်သာ ဒီနေရာမှာ ပါဝင်လာမယ်
ဆိုခဲ့ရင်တော့ အတိုင်းထက် အလွန်ပါ၊ သို့ပေမယ့်လည်း အဲဒီလို ကြုံခဲ့ဖူးတာ အရိုးရင့်နေပြီ ဖြစ်တဲ့ မောင်ရင်ငတေကတော့ မနေ့ညကတည်းက ကြိုတင်စီစဉ်သယ်ယူလာပါတဲ့ ခရီးဆောင် ပုလင်းပြား လေးကို အသာလေး ဒိုင်ရှိုလုပ် ပွဲထုတ်လိုက်ရပါတော့တယ် ခင်ဗျား၊ ဒီလို ခရီးမျိုးမှာ စတိုင်လ်တူတဲ့
မောင်ရင်ငတေရဲ့ ချစ်သောဘော်ဒါကြီးများကိုလည်း အထူး သတိရမိ ရကြောင်းပါ၊


ကြံတော ကြံပင်တွေ                                                                     (ဓါတ်ပုံ မရငတ)
ထမင်းစားပြီး ဘေးကိုကြည့်လိုက်တော့ မြင်ကွင်းတွေက ပြောင်းလာခဲ့ပါပြီ၊ မာကိုပိုလိုရဲ့ လောဘူရီ မြို့ကို အတော်ကျော်လွန်လာပြီးတော့ နာကွန်ဆဝမ်မြို့ကို မရောက်ခင်စပ်ကြား လယ်ကွင်းပြင်တွေ အတွေ့ရ နည်းပြီး ကြံတော ကြံပင်တွေကိုသာ တွေ့ရပါတယ်၊ စိတ်ထဲမှာတော့ ရွှေပြည်တော်ကြီးက   ဧလာ ဇေယျဝတီ ပျဉ်းမနားနယ်တဝိုက်က ကြံပင်ကြံတောတွေကိုတောင်မှ ပြေးမြင်ရောင်မိလိုက်ပါ သေးတယ်၊ ထိုင်းရဲ့မြေလတ်ပိုင်းဒေသ စိုက်ခင်းပျိုးခင်းတွေက ပြင်သစ်တို့ ဂျာမဏီတို့နဲ့ မတူပါဘူး၊ တောင်ကုန်းတောင်စောင်း နည်းပါးတာမို့ အနီးစပ်ဆုံးပြောရရင် နယ်သာလန်တို့ဘယ်လ်ဂျီယံတို့လို စိုက်ခင်းတွေကို မြေပြင် တပြန့်တပြောကြီးမှာ တွေ့မြင်ရပါတဲ့ ရှုခင်းပုံစံတွေပါ၊

နာကွန်ဆဝမ်မြို့နားနီးလာတော့ လယ်ကွင်းတွေများစွာကို တွေ့ရပြန်ပါတယ်၊ နာကွန်ဆဝမ်ဒေသရဲ့
လယ်ကွင်းတွေကတော့ နာမည်ကျော်လှသလို ကျောက်ဖုရားမြစ် အစပျိုးရာ ဒီဒေသက နာမည်ကြီး
ငှက်တွေပေါတယ်ဆိုတဲ့ ရွှံ့ညွှန်တောကြီးကို သွားကြည့်ချင်ပါသေးတယ်၊


လယ်မျိုးစုံလင် ထိုင်းမြေတခွင်                                                      (ဓါတ်ပုံ မရငတ) 
မောင်ရင်ငတေရဲ့ ထိုင်းမမဟာ ခုတ်မောင်းချိန် ခြောက်နာရီ ကြာမြင့်လာတဲ့ အချိန်မှာတော့ ခရီးစဉ် ကလည်း တဝက်ကျိုးလုပါပြီ၊ ထိုင်းမမနဲ့အတူ လိုက်ပါလာကြတဲ့ ခရီးသွားလုပ်သားပြည်သူအပေါင်း ကတော့ ဇိမ်နဲ့နှပ် ထမင်းလုံးတွေစီနေကြပေမယ့် မွေးလာစဉ်ကတည်းက ဇိမ်ခံဖို့ဇာတာပါရှိမလာတဲ့ မောင်ရင်ငတေကတော့ ထိုင်းလီယို သံဗူးနှစ်ဗူးအရှိန်ရယ် ထိုင်းမမရဲ့အလှုပ်ရယ် ရောသမပြီးတော့ ဖေ့စ်ဘုတ်ခ်ပေါ်မှာသာ တဝဲလည်လည် ရှိနေပါတယ်၊ ခရီးတဝက်ကျိုး ကီလိုမီတာ လေးရာလောက် ဘန်ကောက်မြို့တော်နဲ့ ဝေးလာပေမယ့် တောင်ကုန်းတောင်တန်းကြီးကြီးမားမားကို မတွေ့ရှိရသေး ပါဘူး၊ ရိတ်သိမ်းပြီးစလား ပျိုးထောင်နေတာလားတော့ မသိပါဘူး စိမ်းမြနေတဲ့လယ်ကွက်တွေ ရေ သွင်းလို့နေဆဲ လယ်ကွက်တွေ တွေ့ရှိရသလို မီးရှို့ထားတဲ့ လယ်တွေလား ယာတွေလား မသိပါဘူး၊ ရောင်စုံ ရောယှက်လို့ . … . ….. . အဲလို အရောင်မျိုးစုံကို “ထိုင်းမမ” က လိုက်လံပြသနေသလိုပါ၊

ထိုင်း တနိုင်ငံလုံးကို အခုလိုမျိုး ခရီးသွားမယ်ဆိုရင် သိပ်ကြီးထူထပ်တဲ့ တောအုပ်ကြီးတွေကိုတော့ တွေ့ရှိရမှာ မဟုတ်ပေမယ့် လယ်ယာဥယျာဉ် ခြံမြေတွေကိုတော့ နေရာမလပ်ဆိုသလို တွေ့မြင်ရမှာ ကတော့ အသေအချာပါ၊ မောင်ရင်ငတေသွားခဲ့ဖူးတဲ့ ထိုင်းအလယ်ပိုင်းက ကုန်းခေါင်ခေါင်ဒေသလို့
ပြောရင်ရနိုင်မယ့် Tak တာ့ခ်- Sukhothai ဆူခိုထိုင်း သွားတဲ့လမ်းနဲ့ မိတ္ထီလာ ကျောက်ပန်းတောင်း
ပုပ္ပား ဆီမီးကန် တောင်သာ မြင်းခြံလမ်းတွေကို နှိုင်းယှဉ်ကြည့်မိရင်း စဉ်းစားခန်း ဝင်မိရတာပါ၊


Ping Wang Yom Nan ကျောက်ဖုရားရဲ့ မြစ်လေးသွယ်                             (ဓါတ်ပုံ မရငတ)

မြောက်ပိုင်းအဝင် ဥတ္တရာဒီ                                                             (ဓါတ်ပုံ မရငတ)
အဲဒီလို အတွေးယာဉ်ကြောမှာ မျောလိုက်ပါလို့လာရင်းနဲ့ တနေ့တာရဲ့ လေးပုံသုံးပုံ ရောက်ရှိလာတဲ့ အချိန်မှာတော့ ထိုင်းမမနဲ့ မောင်ရင်ငတေတို့လည်း ထိုင်းမြောက်ပိုင်းရဲ့အဝင်နယ်က Uttaradit မြို့ ကလေးကို ဆိုက်ရောက်လာခဲ့ပါပြီ၊ ဆူခိုထိုင်းခေတ်ကာလက အဲဒီ ဥတ္တရာဒီမြို့ကလေးက ဇင်းမယ် နယ်နဲ့ နယ်စည်းခြားမြို့လေးပါ၊ ထိုင်းမမရဲ့ ခရီးစဉ်ကလည်း သုံးချိုးနှစ်ချိုးနီးပါးရှိလာပါပြီ၊ ဒီနယ်မြေ
ဥတ္တရာဒီမြို့က ထိုင်းမြေရဲ့ မြောက်ပိုင်းလို့သာ ပြောရပေမယ့် ရွှေပြည်တော်ကြီးဆီက ဝေါနဲ့ ဒိုက်ဦး ကြားလောက်မှာသာတည်ရှိတဲ့ မြောက်ပိုင်းပါ၊ ဘန်ကောက်က ကီလိုမီတာ ၄၈၀ ကျော်ဝေးပါတယ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း အဓိက မြစ်ကြီးလေးစင်းရဲ့ အရှေ့ဘက်အကျဆုံး မြစ်တစင်းဖြစ်တဲ့ Nan မြစ်
ပေါ်မှာ တည်ရှိတာပါ၊ Yom မြစ်ပေါ်မှာ ရှိတဲ့ Phrae မြို့ကတော့ ဘန်ကောက်-ချင်းမိုင် လမ်းပေါ်မှာ တည်ရှိတာမဟုတ်လို့ ဧည့်သည်အရောက်အပေါက် နည်းပါးပါတယ်၊ ယွမ်မြစ်ကနန်မြစ်ထဲပေါင်းဝင် စီးဆင်းသွားသလို အနောက်မြောက်ပိုင်းနယ်ဖက်မှာမတော့ Wang ဝမ်မြစ်က Ping ပင်းမြစ်နဲ့ပေါင်း စီးဆင်းသွားပြီး တဖန် အဲဒီ ပင်းနဲ့နန်မြစ် ပေါင်းဆုံမိရာကနေ ကျောက်ဖုရားမြစ် ဆိုတာ ဖြစ်ပေါ်လာ တာပါ၊ ပင်းနဲ့ နန်က ကီလိုမီတာ ၇၀၀ သာသာ ရှည်တဲ့ မြစ်များ ဖြစ်ကြပြီး ၃၇၂ ကီလိုမီတာ ရှည်တဲ့ ကျောက်ဖုရားမြစ်နဲ့ ပေါင်းလိုက်ရင်တောင်မှ ၂၁၇၀ ကီလိုမီတာ ရှည်လျှားပါတဲ့ ဧရာဝတီ မြစ်ကြီးရဲ့  
ထက်ဝက်မျှသာ ရှိတာပါ၊

တောင်စဉ်ကြားက စမ်းရေစီးသံ                                                      (ဓါတ်ပုံ မရငတ)
ဥတ္တရာဒီနယ်ကနေ ထိုင်းမမ ဆက်လက်ထွက်ခွာလာတော့ ပတ်ဝန်းကျင်မြင်ကွင်းတွေက တစတစ ဆိုသလို ပြောင်းလဲလို့လာပါပြီ၊ လယ်ကွက်တွေအစား သစ်ပင်ကြီးတွေ များပြားလာပါပြီ၊ တောင်စဉ် တောင်တန်းတွေလည်း တွေ့လာရပါပြီ၊ Den Chai အကျော်မှာတော့ စမ်းရေစီးသံကို စတင်ကြားလို့ လာပါပြီ၊ လှပတဲ့ သေးသေးသွယ်သွယ် စမ်းချောင်းလေး တချောင်းက ထိုင်းမမ သွားနေတဲ့ လမ်းနဲ့ ယှဉ်ပြိုင်လို့ ညှင်သာစွာ စီးဆင်းနေတာကို တွေ့ရပါတယ်၊ မောင်ရင်ငတေ ရင်ထဲမှာလည်း ငုတ်လျိုး နေတဲ့ စမ်းရေစီးသံတွေကိုလည်း စတင်ကြားရပါပြီ၊ အင်တာနက်မြေပုံမှာတော့ Yom River ဆိုတာ တွေ့ရပြီး အဲဒီလို လှပစွာကွေ့ဝိုက်စီးဆင်းနေတဲ့ ရေချောင်းလေးက ယွမ်မြစ်လား ဒါမှမဟုတ် ယွမ်ရဲ့ ချောင်းလက်တက်လေး တခုသာလား မောင်ရင်ငတေ မသိပေမယ့် ဒီ ချောင်းရေစီးသံရဲ့ မူလဒေသ ချောင်းဖျားခံရာကိုလည်း သိချင်လာမိသလို ရောက်ဖူးချင်ပါတယ်၊ တနေ့နေ့တချိန်ချိန် အခြေအနေ ပေးလာခဲ့ရင်တော့ ရောက်အောင်သွားပါအုံးမယ်၊





ရွှေအိမ်လား ရှမ်းအိမ်လား မွန်အိမ်လေလား                                        (ဓါတ်ပုံ မရငတ)
တဖြေးဖြေးနဲ့ နေညိုချိန်လည်း ရောက်လို့ လာပါပြီ၊ ထိုင်းမမကတော့ တာဝန်ကျေစွာနဲ့ ခရီးဆက်နှင် နေဆဲပါ၊ တောင်တန်းလွင်ပြင်ပေါ်မှာ တငြိမ့်ငြိမ့်တရိပ်ရိပ်နဲ့ မမောနိုင်မပမ်းနိုင် ခရီးလမ်းဆုံးရာဆီသို့ ဆက်နေဆဲပါ၊ ဒီ ဥတ္တရာဒီ-ဒန်ချိုင် တောင်တန်းလွင်ပြင်ကို ကျော်လွန်လာပြီဆိုရင်တော့ ၁၉၉၂-၉၃
ခုနှစ်ကာလများက မောင်ရင်ငတေရဲ့ ဖားသားကြီး အလုပ်လုပ်ခဲ့ရာ Mae Mo ဒေသကို ရောက်ပါပြီ၊
ထိုင်းနိုင်ငံရဲ့ Lignite ခေါ် Brown Coal ခေါ် ကျောက်မီးသွေးအနု အများအပြား ထွက်ရှိရာဒေသပါ၊
ဒီနေ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးသော လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ရှိရာဒေသလည်း ဖြစ်ပါတယ်၊
ဒီနေရာ ဒေသမှာ မောင်ရင်ငတေ မိသားစုဝင်တွေနဲ့ တခြားသော ရွှေလူမျိုး သုံးလေးယောက်လည်း
ရှိတာမို့ ဟိုသွားဒီလာ လုပ်ခဲ့ဖူးတဲ့ နေရာဖြစ်လို့ ရင်ထဲမှာ မှတ်မှတ်ရရ ရှိနေဆဲ နေရာ တနေရာပါ၊

ဒါတွေဟာ အနှစ် နှစ်ဆယ်ကျော် ရှိသွားပေမယ့်လည်း မနေ့တနေ့ကလိုပါ၊ အချိန်ဒီရေတွေသာမက
စမ်းရေစီးသံတွေကလည်း မရပ်မနား ဆက်လက် စီးဆင်းမြဲ စီးဆင်းနေမြဲပါ၊ ခွန်အားတွေလည်းခမ်း စိတ်လည်းနွမ်းပြီ ဆိုပေမယ့် နောက်ဆုံးခရီး မရောက်မချင်းတော့ ခရီးတွေဆက်နှင်နေရအုံးမှာပါ၊


စိုက်ပျိုးကွင်းတွေအဆုံး တောင်တန်းတွေအစ                                        (မောင်ရင်ငတေ)
Nakhon Lampang ဘူတာကို ရထားဝင်တော့ ညခြောက်နာရီ ကျော်ပါပြီ၊ လမ်းမီး အိမ်မီး ထွန်းနေ ကြပါပြီ၊ ဒီနေ့ မြောက်ပိုင်းထိုင်းမြေမှာ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဒီ နာကွန်လမ်ပန်မြို့ဟောင်းရဲ့ သမိုင်းကြောင်းတွေကို ပြန်ပြောင်းပြီးပြောဆိုကြမယ်ဆိုရင် မောင်ရင်ငတေတို့ ရွှေသမိုင်း ရှမ်းသမိုင်း တခြားသော ရှမ်းတောင်တန်းဒေသပေါ်က လူမျိုးစုတွေရဲ့ သမိုင်းကြောင်းတွေနဲ့ ရောထွေးဆက်စပ် နေမှာပါ၊ လမ်ပန်မြို့ပေါ်မှာ ဒီကနေ့ထိ ရှိနေဆဲ ရွှေဘုန်းတော်ကြီးကျောင်းတွေ အကြောင်းကတော့ လူသိများပြီးသားပါ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မောင်ရင်ငတေ ဖားသားကြီးလိုက်ပို့လို့ ရောက်ခဲ့ဖူး ပါတယ်၊ ဒီတခေါက်တော့ ဖြတ်သာသွားတယ် မနားခဲ့ရပါဘူး . . ….. .. ….. .. ..... မြို့လမ်ပန်ရယ်၊ နောက်များမှပေါ့နော်၊ မောင်ရင်ငတေရဲ့ ထိုင်းမမကတော့ ချင်းမိုင်ကနေ ဘန်ကောက်သွားမယ့် ည အမြန်ရထားကို လမ်းရှောင် ပေးရမှာမို့ မိနစ် ၂၀ လောက် ရပ်နားနေလို့ စီးကရက်လေး ဆင်းဖွာရင်း လမ်ပန်မြေ မနင်းရပေမယ့် အင်္ဂတေ ပလက်ဖောင်းကိုတော့ ခဏတာ နင်းခွင့် ရလိုက်ပါသေးတယ်၊ Wang River ဝန်မြစ်ပေါ်မှာရှိတဲ့ လမ်ပန်ဘူတာက ရထားထွက်လာတော့ အမှောင်ထုကတစတစနဲ့
သိပ်သည်းလာပြီမို့ မောင်ရင်ငတေလည်း အိပ်ငိုက်လာလို့ တမှေးငိုက်ကနဲ ဖြစ်သွားပါတယ်၊

ရထားကတံတားကို ဖြတ်သွားတဲ့အခိုက် တဝုန်းဝုန်းမြည်တဲ့ အသံကို ကြားလိုက်ရပြီး မှေးစင်းနေတဲ့
မျက်လုံးတွေ ပြန်ကျယ်လာပြီး နာရီကို ကြည့်လိုက်တော့ ည ရှစ်နာရီ ထိုးနေပြီဖြစ်ပြီး Kuang River ကောင်းမြစ်ပေါ်က Nakhon Lamphun သို့ ရောက်လို့ နေပြီမို့ မကြာခင်မှာ ထိုင်းမမရဲ့ ခရီးဂိတ်ဆုံး ချင်းမိုင် ဘူတာသို့ ရောက်ပါတော့မယ်၊ တကယ်တမ်းက လမ်ဖွန်မြို့နဲ့ ချင်းမိုင်မြို့တော်က မြို့ကွက်
တဆက်တည်းလို့ ပြောရင် ရနိုင်ပါတယ်၊ အကွာအဝေးကလည်း နှစ်ဆယ် ကီလိုမီတာသာသာ သာ
ဝေးကွာပြီး Kuang ကောင်းအမည်ရ ချောင်းသာသာ မြစ်လေးနဲ့ Ping ပင်း မြစ်ဆုံရာ ကြားဒေသက
ချင်းမိုင်နယ်နဲ့ လမ်ဖွန်နယ်တွေ ရောယှက်နေရာ နယ်မြေတွေပါ၊

ည ရှစ်နာရီခွဲတိတိ . . . .. . . … .. …….
အထွက် နောက်ကျပေမယ့် အဝင်တော့ တိကျပါပေတယ်၊ ထိုင်းမမ ရယ်၊ အဲသလိုနဲ့ ဇင်းမယ်ဆိုတဲ့ မြို့ချင်းမိုင်ကို ၁၇ နှစ်ကျော်ကြာအပြီးမှာ မိတ်ဆွေအပေါင်းအသင်းတွေ ဖိတ်ခေါ်ချက်နဲ့ ပြန်လည်လို့ ခြေချမိရပါပြီ၊ မြို့ချင်းမိုင်ကတော့ ဘာတွေ ပြောင်းလည်းနေခဲ့ပြီလဲ မသိပါ၊ မောင်ရင်ငတေကတော့ ဘာတခုမှ ပြောင်းလဲခဲ့တာ မရှိသေးပါဘူး၊ သွားမယ် လာမယ် စားမယ် သောက်မယ် အရင်လိုပါ၊


ချင်းမိုင်ဘူတာ                                                                           (ဓါတ်ပုံ မရငတ)
ဇင်းမယ်အကြောင်းတွေက ရေးစရာတွေ များလွန်းလှတော့ နောက်များမှ သပ်သပ်ရေးပါအုံးမယ်၊
ဇင်းမယ်သားဖြစ်နေတဲ့ ကိုရွှေကိုမျိုးတွေကလည်း များလွန်းလှပါလို့ တော်ရိလျော်ရိ မရေးရဲဘူးလေ၊
တော်ကြာ နောက်တခေါက် အလည်လာခဲ့ရင် စားပေါက်ပိတ်နေမှာ စိုးရပါသေးတယ်၊

အခုတော့ ခေါင်းစဉ်ပါအတိုင်း ဇင်းမယ်အဆန်အကြောင်းရေးရင်း ရေးဖို့ကျန်ရှိသွားတာလေးတွေကို ဇင်းမယ်အစုန်အဖြစ် ဦးစားပေးပြီး ဖြည့်ရေး ရေးပါတော့မယ်၊

ဇင်းမယ်အစုန်

ဇင်းမယ်ပြန်ကတော့ ပြန်ခဲ့ပါပြီ၊ အဆိုတော်ကြီး ဗိုလ်ထီး သီချင်းတပုဒ်ကို ဆိုညည်းလို့ ပြရရင်တော့ မပြန်ချင်ပေမယ့်လည်း ပြန်ရအုံးမယ်ပေါ့လေ၊ ဇင်းမယ်မှာ တပတ်ကျော် ဆယ်ရက်ခန့် နေလာခဲ့တာ နေသားကျရုံရှိသေး ပြန်လာခဲ့ပြီဆိုတော့ ဆက်လက်ပြီး နေချင်စိတ်တွေက ရှိနေပါသေးတယ် . . …
နေချင်ပေမယ့်လည်း မနေနိုင်တော့ဘူးပေါ့ . . . … … . …. လေ၊


နှုတ်ဆက်ခဲ့ပါတယ် ထိုင်းမမ ပန်းခရမ်း ရေ                                            (ဓါတ်ပုံ မရငတ)
လမ်ဖွန်ဘူတာမှာ တွေ့ရတဲ့ ပန်းခရမ်းရောင် ထိုင်းမမ ပါ၊ ပန်းခရမ်းရောင် ထိုင်းမမတွေက ညအမြန် ရထားတွေပါ၊ မောင်ရင်ငတေက နေ့ရထား စီးရတာကို သဘောကျလို့ ပန်းခရမ်းရောင် ထိုင်းမမနဲ့ ဆုံဆည်းခွင့် မရခဲ့ပါဘူး၊
ဇင်းမယ်ကနေ ဘန်ကောက်ကိုသွားတဲ့ နေ့အမြန် အစုန်ရထားဟာ မနက် ရှစ်နာရီ ငါးဆယ်တိတိမှာ
စတင်ထွက်ခွာလာတာ လမ်ဖွန်ဘူတာကို ဆယ်ငါးမိနစ်ကျော်ကျော်မျှလောက်သာ မောင်းရပါတယ်၊
လမ်ဖွန်ဘူတာမှာ ဘန်ကောက်-ချင်းမိုင် ညအမြန် အဆန်ရထားနဲ့ ဆုံတွေ့ရပါတယ်၊ တွဲဆယ့်နှစ်တွဲ ပါပါတဲ့ ပန်းခရမ်းရောင် “ထိုင်းမမ” ဇင်းမယ်ညအဆန် ထွက်ခွာသွားတာကို ကြည့်ပြီးသကာလ ….
ဇင်းမယ်က စုန်လာခဲ့ရတဲ့ မောင်ရင်ငတေရဲ့ ရင်ထဲမှာတော့ ဘာကို လွမ်းလို့ လွမ်းမိမှန်း မသိတော့ ပါဘူး၊ နေရစ်ခဲ့တော့ ဇင်းမယ်ရေ၊ နောက်ထပ် တကြိမ်လောက်တော့ ပြန်ဆုံချင်မိပါသေးတယ်၊ 



တောင်တန်းများပေါ်မှ မြေပြန့်ဆီသို့                                                     (ဓါတ်ပုံ မရငတ)
လမ်ဖွန်ဘူတာမှာ ရထားကမိနစ်နှစ်ဆယ်လောက် ရပ်နေပါတယ်၊ ယူနီဖောင်းဝတ်တွေတက်လာပြီး ခရီးသွား လက်မှတ်တွေ မှတ်ပုံတင်တွေ စစ်ပါတယ်၊ ထိုင်းမမရဲ့ မယ်လေးတွေလည်း ကျွေးဖို့ မွေးဖို့ ပြင်ဆင်ကြပါတယ်၊ ကော်ဖီရယ် ဖျော်ရည် အပူ အအေးနဲ့ ပေါင်မုန့်တလုံးစီ ပေးပါတယ်၊ လမ်ဖွန်က ထွက်လာတော့ ထိုင်းမမ နေ့အစုန်ဟာ တောင်တန်းတွေရဲ့ကြားက ဖြတ်သန်း မောင်းနှင်လာနေလို့ စိမ်းလန်းစိုပြေတဲ့ တောတောင်မြင်ကွင်းတွေကြောင့် ဇင်းမယ်အပြန် မောင်ရင်ငတေရဲ့ ထိုင်းမှိုင်းနေ ပါတဲ့ စိတ်တွေ ပြန်လည်စိုပြေလန်းဆန်းလို့ လာပါတယ်၊ တောတွေတောင်တွေ မြစ်တွေချောင်းတွေ တွေ့ချင်လို့လာတာ လာရကျိုးနပ်တဲ့ ခရီးတခုပါ၊ နွေးထွေးစွာ ကြိုဆို ဧည့်ခံကြသူ မောင်ရင်ငတေရဲ့ ချစ်သော မိတ်ဆွေများကို အထူး ကျေးဇူး တင်ပါတယ် ...... ... ခင်ဗျာ၊

မောင်ရင်ငတေကို တင်ဆောင်ခေါ်ယူလာတဲ့ ဇင်းမယ်ဘီကေကေ အစုန်အမြန် ရထားမောင်းသမား
ဖြစ်သူက ဘာတွေ စိတ်စောလောပြီးတော့ မောင်းချလာရတယ် မသိပါဘူး၊ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့
ကဆုန်စိုင်း မောင်းချလာတာကြောင့် ရထားပြူတင်းမှန်ကို ဖြတ်ပြီးမှ မြင်ရတဲ့ မြင်ကွင်းက နဂိုထဲက မကြည်လင် မပြတ်သားတာမို့ တခုတည်းသော မှန်တံခါး တင်လို့ရတဲ့ သန့်စင်ခန်းကိုသွားပြီး ရသမျှ မြင်ကွင်းတွေကို မလွတ်အောင် မှတ်တမ်းတင်ခဲ့ရတာပါ၊ ရထားသံလမ်းတွေက ညီညာတယ် ထင်ရ ပေမယ့် တပတ်ရစ် ရထားတွဲတွေကြောင့်လား မသိပါဘူး၊ ရထားရဲ့တုန်ခါမှုတွေ များပြားလှပါတယ်၊ ဥရောပ အနောက်ခြမ်းက ရထားတွေ ရထားလမ်းတွေကို မမှီတာကတော့ အမှန်ပါ၊ ပြင်သစ်ရထား LGV လမ်း အသစ်တွေက သုံးလေး ငါးနာရီ ခရီးတွေကို အရှိန်မလျှော့ပါဘဲ အမြန်တောက်လျှောက် မရပ်မနား မောင်းနိုင်သလို ICE ခေါ်တဲ့ ဂျာမန်ရထားတွဲတွေကတော့ ကျယ်ကျယ် ပြန့်ပြန့် သန့်သန့် ရှင်းရှင်း ရှိတာက နာမည်ကျော်ပါတယ်၊


 တောင်တန်းများပေါ်မှ မြေပြန့်ဆီသို့                                                   (ဓါတ်ပုံ မရငတ)
ဇင်းမယ်အဆန်နဲ့ အလာ ခရီးစဉ်တုန်းက နေ့ရထား စီးလာပေမယ့် ဒီနေရာတွေရောက်တဲ့ အချိန်က အမှောင်လွှမ်းချိန် ဖြစ်နေပြီမို့ စိမ်းလန်းတဲ့အရသာကို မခံစားရပါဘူး၊ အဲဒီလိုမျိုး စိမ်းလန်းစိုပြေပါတဲ့ တောတောင်အလှတွေကို မြင်တွေ့ချင်လို့ အပြန်ခရီးမှာလည်း ထိုင်းမမ နေ့အမြန်ကိုသာ အားပေးခဲ့ မိတာ မှန်လှတယ်လို့ ပြောချင်ပါတယ်၊ နောက်အချက်ကတော့ ဒီ ဒေသ လမ်ပန်နယ်နဲ့ လမ်ဖွန်နယ် အရုပ် အရိပ် အရောင်တွေက ရွှေရဲ့ ရနံ့ ရှမ်းတွေ မွန်တွေရဲ့ ရနံ့တွေကို ခံစားရတာ ဖြစ်တာကြောင့် ဆိုတာရယ် မောင်ရင်ငတေ့ဖားသားကြီးရဲ့ အရိပ်အရုပ်တွေ ထင်ကျန်နေတာကြောင့်ရယ်လား မသိ ပါဘူး၊ ဒီ နယ်မြေကို ဖြတ်သန်းမယ်ဆိုကတည်းက စိတ်လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်၊
နေ့လည်စာကို ဆယ့်နှစ်နာရီ မွန်းတည့်ချိန် အတိမှာ ကျွေးမွေးပါတယ်၊ ဟင်းကတော့ အသွားဟင်း အပြန်ဟင်းက တူတူပါ၊ ငါးသေတ္တာ စည်သွပ်ဗူး ဟင်းနှစ်မျိုးပါ၊ တောရိရော်ရိဟင်း ဆိုပေမယ့်လည်း ဗိုက်ဆာနေတာက တကြောင်း ထိုင်းမမ မယ်ဖြူဖြူ ချောချော လှလှပပလေးရဲ့ အပြုံးနုနုကြောင့်က တကြောင်း စားလို့ကောင်းလှပါပေတယ်၊ (မိုမခရဲ့ကဗျာဆရာကြီး ကိုကိုကဟ Ko Latt မနာလိုမယ် မှန်းသိလို့ သေသေချာချာ ထည့်ရေးဖြစ်အောင် ထည့်ရေးလိုက်ရပါတယ် ခင်ဗျ)


နှုတ်ဆက်ခဲ့ပါတယ် တောင်တန်းများရယ်                                                (ဓါတ်ပုံ မရငတ)
Pha Kho ဘူတာလေးနဲ့ Den Chai ဘူတာကြားကတော့ ဘန်ကောက်ဇင်းမယ် ထိုင်းမမရဲ့ ခရီးစဉ် တလျှောက်မှာ အလှပဆုံးသော မြင်ကွင်းကျယ်တွေပါလို့ မောင်ရင်ငတေ ညွှန်းဆိုဖွဲ့ချင်မိ ရပါတယ်၊ တောင်တန်းတွေရဲ့အကြား စိမ်းစိမ်းစိုနေတဲ့ သစ်ပင်ဝါးပင်တွေရဲ့အကြား ကွေ့ကွေ့ကောက်ကောက် ရထားသံလမ်းပေါ်မှာ ဖြေးဖြေးသာသာ တရွေ့ရွေ့ ခရီးနှင်နေတဲ့ ထိုင်းမမနဲ့အတူ မောင်ရင်ငတေရဲ့ စိတ်အတွေးတွေကလည်း မရပ်မနား ခရီးနှင်ဖြစ်ရတော့တာပါ။

ဇင်းမယ်နဲ့ အယုဒ္ဓယနယ်နှစ်ခုရဲ့ ကြားစခန်းမြို့ တောင်တန်းတွေရဲ့အဆုံး မြေပြန့်လွင်ပြင်ရဲ့အစမြို့ ဖြစ်တဲ့ ဥတ္တရာဒီနယ်ကိုကျော်တာနဲ့ တောင်တန်းတွေဆိုတာ မရှိတော့ပါဘူး၊ တောရိပ်တောင်ရိပ်က ကျန်ရစ်ခဲ့ပါပြီ၊ မြေပြန့်ဆိုမှ ဘာအဖုအထစ်မှ မရှိတော့ပါဘူးလို့ ပြောလို့ ရနိုင်တဲ့ လယ်ကွင်းပြင်တွေ အတော်များများ ကြီးစိုးလာနေပါပြီ၊ မြေပြန့်မှာဖြစ်လို့ ထိုင်းမမကလည်း ပါဝါကုန်ရုန်းလို့ အသော့နှင် နေပါပြီ၊ ခရီးစဉ်ကလည်း တဝက်ကျိုးနေပြီဖြစ်ပြီး အချိန်ကလည်း နာရီပြန်နှစ်ချက်တီးပါပြီ၊ ထိုင်းမမ မယ်လေးတွေလည်း အလုပ်နားလို့ စကားဝိုင်း ဖွဲ့သူတွေကဖွဲ့ ရည်းစားဆီ ဖုန်းတွေ တက်ပက်လက် တွေနဲ့ ဆက်သူဆက် ချက်သူချက် နေကြပါပြီ၊ ခရီးသည် အများစုကတော့ ထမင်းလုံး စီနေကြပါပြီ၊ မောင်ရင်ငတေက ထုံးစံအတိုင်း ပါလာတဲ့ ရေနွေးကြမ်း အေးစက်စက် ပုလင်းကိုဖွင့် တငုံမော့လိုက် ကင်မရာနဲ့ တချောက်ချောက် မှတ်တမ်းတင်လိုက် တယ်လီဖုန်တလုံးနဲ့ အလုပ်ရှုတ်လိုက် တရိပ်ရိပ် ဖြတ်သွားတဲ့ ရထားပြူတင်းက အရုပ်တွေ အရိပ်တွေကို ကြည့်ရင်းနဲ့ မအိပ်မနေ အသက်ရှည်ဆိုပြီး ကြိုးစားအားထုတ်ရင်း အချိန်ကုန်နေပါတော့တယ်၊


လယ်ကွင်းပြင်တွေကြားမှာ ဒီလိုအပင်မျိုးတွေ တွေရတော့ လယ်ကြွက်လေးတွေကို သတိယမိသေး                       
                                                                                                    (ဓါတ်ပုံ မရငတ)
မကြာခင်မှာ အယုဒ္ဓယခေါ် ယိုးဒယားခေါ် ခွန်ထိုင်းတွေရဲ့ မြို့တော်ဟောင်းကို ရောက်ပါတော့မယ်၊ မျက်စေ့တဆုံး မြင်နေရတဲ့ လယ်ကွင်းပြင်စိမ်းစိမ်းတွေကို ထိုင်းမမနဲ့အတူ ကြည့်နေရင်း စဉ်းစားခန်း ဝင်မိပါတယ်၊ ဒီနယ်မြေကို မောင်ရင်ငတေလိုရောက်ခဲ့ဖူးကြတဲ့ အလောင်းဘုရားတို့ ဘုရင့်နောင်တို့ ဘာတွေတွေ့လို့ ဘာတွေမြင်ခဲ့ကြပါသလဲ ဆိုတာကိုပါ၊ မောင်ရင်ငတေကတော့ လယ်ကွင်းစိမ်းစိမ်း တွေသာ မြင်ပါတယ်၊ တခြား ဘာဆိုင်းဘုတ် သူပိုင်ငါပိုင် တခုတလေကိုမှ မမြင်တွေ့ခဲ့ရပါဘူး ခင်ဗျ၊ လယ်ကွင်း ယာခင်းတွေမှာ ဆိုင်းဘုတ်တွေ ရှုတ်နေတာ တွေ့ရရင် သဘာဝအလှ ပျက်တယ်လို့သာ မောင်ရင်ငတေ ထင်မိရကြောင်းပါ၊ ညနေလည်း စောင်းပါပြီ၊ နေလည်းမရှိတော့ပါဘူး၊ မီးတွေလည်း ထွန်းကြပါပြီ၊ အယုဒ္ဓယကိုလည်းရောက်ပါပြီ၊ မောင်ရင်ငတေလည်းမောပါပြီ၊ ရေနွေးကြမ်းကလည်း ပုလင်းဖင် ကပ်ပါပြီ၊ ထိုင်းမမကတော့ တာဝန်ကျေပြွန်စွာ ခရီးဆုံးရောက်အောင် အပြင်းနှင်နေဆဲပါ၊
ချင်းမိုင်ဘန်ကောက် အကွာအဝေးက ကီလိုမီတာ ၇၅၀ မိုင်အားဖြင့် လေးရာ့ငါးဆယ်ကျော် ရှိတာမို့
ပါရီ မားလ်ဆေး ခရီးနီးပါးလောက်သွားရပြီး ရန်ကုန် မန္တလေးခရီးက မိုင်လေးရာသာသာ ရှိတာမို့လို့ သိပ်တော့ ကွာလှတယ် ပြောမရပါဘူး၊ အကြမ်းဖျင်းအားဖြင့် အတူတူသာလို့ မှတ်ထားရင်ရပါတယ်၊
ဒီခရီးစဉ်ကိုရေးနေတာမှာ မောင်ရင်ငတေရဲ့ မိတ်ဆွေတယောက်က သူလည်းဒီခရီးကို မကြာခင်က သွားခဲ့ဖူးကြောင်း ဒါပေမယ့်လို့ မောင်ရင်ငတေလို မရေးဖြစ်ခဲ့ကြောင်း အားပေးဖတ်ရှုရင်းနဲ့ ပြောပါ တယ်၊ တကယ်ကတော့ မောင်ရင်ငတေလည်း စာရေးဆရာ မဟုတ်ပါဘူး၊ ဝါသနာပါလို့သာ သွားခဲ့ သမျှသောခရီးတွေကို မှတ်တမ်းအနေနဲ့ ရေးခဲ့တာပါ၊ လိုအပ်တာတွေ ရှိမှာပါ၊ ဒီခရီးစဉ်ကို သွားခဲ့ဖူး
သူတွေ အများကြီး ရှိမှာဖြစ်သလို ရေးရင်လည်း ဘာမှခက်ခဲတဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး၊ မရေးကြလို့သာပါ၊ လိုတာတွေ တွေ့ရှိခဲ့ပါက ထောက်ပြနိုင်ကြပါတယ် ခင်ဗျာ၊


ဘီကေကေ ဘူတာကြီး                                                                  (ဓါတ်ပုံ မရငတ)
ဘီကေကေ ဇင်းမယ် ၇၅၀ ကီလိုမီတာ အသွားအပြန်ခရီးဆိုရင်တော့ ကီလိုမီတာ တထောင့်ငါးရာ ဇင်းမယ်အစုန်အဆန် ခရီးစဉ် ဤတွင် (၂၂၁၂၂၀၁၄ ၂၁:၀၀ နာရီ) ပြီးပါပြီ၊

ဤ ဇင်းမယ်အစုန်အဆန်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာက အမှန်အကန် စီးနေစဉ် ပါဝင်ကူညီ မှတ်ချက်တွေ ရေးသားခဲ့ကြပါသော မောင်ရင်ငတေရဲ့ ဖေ့စ်ဘုတ်ခ်မိတ်ဆွေ ဆွေမျိုးသားချင်း ဘုစုခရုများနဲ့တကွ  သူငယ်ချင်း ဘော်ဒါအပေါင်းကို ကျေးဇူးတင်ရှိရပါကြောင်း၊


ဘီကေကေ ဘူတာကြီး                                                                  (ဓါတ်ပုံ မရငတ)
မှတ်ချက်များ
တချို့သော ဖတ်မိသူတွေက ထိုင်းမမ ဆိုတဲ့ အသုံးကို မသုံးစေချင်တဲ့ သဘောတွေ တွေ့ရပါတယ်၊ မြန်မာ့မီးရထားကို “မမ” လို့ အတိုကောက် ရေးကြတာမို့ ထိုင်း မီးရထားကလည်း “ထမ”  သာလျှင် ဖြစ်ရမှာပါ၊ သို့ပေမယ့်လည်း မောင်ရင်ငတေက လုပ်မိတာ တခုကို မပြင်ချင်ပါဘဲ ဇွတ်လုပ်တတ်တဲ့ အကျင့်က ပြင်မရ ပြင်မလွယ်တတ်တာကြောင့်ရယ် မီးရထားစီးပြီး ခရီးသွားရခြင်းကို နှစ်သက်ခုံမင် သူတဦး ဖြစ်တာကြောင့်ရယ် “ထိုင်းမမ” ဆိုပြီး တင်စားခေါ်ရတာကိုက အရသာတွေ့မိရတာကြောင့် ရယ် ထိုင်းမမလို့သာ ဆက်လက်ပြီးသုံးစွဲ ဖြစ်ကြောင်းပါ ခင်ဗျာ၊  အမှားပါက ခွင့်လွှတ်တော်မူကြပါ၊

ဒီစာတွေရဲ့မူရင်းက ရထားစီးနေရင်း ရသမျှ ဓာတ်ပုံရိုက်လိုက် သိသမျှ လက်ကိုင်ဖုန်းမှာ စာရိုက်ပြီး ရေးတင်ထားခဲ့တာတွေပါ၊ မောင်ရင်ငတေ့ ဖေ့ဘွတ်ခ် ပရိသတ်များအတွက် အဓိကရည်ရွယ်တာပါ၊ (လက်တန်းလက်ညိုးတချောင်းကွေးပြီး ရိုက်ရတာမို့ အမှားပါရင်ဖြည့်စွက်ဖတ်ကြပါရန်) ဆိုပြီးတော့
သတိပေးစာရေးပြီး ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့တာတွေကို တချို့နေရာတွေမှာ ပြင်ဆင်ဖြည့်စွက်တာတွေ ရှိပေမယ့် တချို့စာလုံးစာကြောင်းတွေကိုတော့ မပြင်မဆင် ဒီအတိုင်းထားလိုက်တာတွေ ပါပါတယ်၊
မှတ်တမ်းပုံတွေဟာ သွားရင်းလာရင်းရထားပေါ်ကနေ အချိန်လုရိုက်ရတာမို့လို့ တချို့သောပုံများက
တုန်မှုန်ဝါး ဖြစ်နေပါက ခွင့်လွှတ်ကြပါရန်၊

မောင်ရင်ငတေ ၁၂၀၆၂၀၁၅ ၀၈၀၇၂၀၁၅

Aucun commentaire:

Enregistrer un commentaire