Libellés

Archives du blog

mardi 19 mai 2015

ဆိုးလ်သို့လွမ်း ** နှစ်ဆယ်ကျော်အလွမ်း **



နှစ်ဆယ်ကျော်အလွမ်း
ဆိုးလ်သို့လွမ်း သို့မဟုတ် ကကြီးမြေက တရားမဝင်အလုပ်သမား

မောင်ရင်ငတေရဲ့ နှစ်ဆယ်ကျော်အလွမ်းစာတွေရေးရင်းနဲ့ ** ဆိုးလ်သို့လွမ်း ** ဆိုတာကို
တို့ထိ တို့ထိ ရေးဖြစ်နေတာ ကြာပါပြီ၊ စာမူတပုဒ် ဖြစ်အောင်လို့တော့ မဆက်စပ်နိုင် မဆက်စပ်ဖြစ်
သေးပါဘူး၊ တခြား ကေအယ်အလွမ်းစာတွေနဲ့ ဘီကေကေအလွမ်းစာတချို့ကို စာတပုဒ်ဖြစ်အောင် ဆက်စပ်လို့ ရသွားတာတွေ ရှိသလို ဆက်စပ်ရေးနေဆဲတွေ ရှိပါတယ်၊

ကကြီးလို့ ရွှေကိုယ်တော်တွေ သမုတ်ကျပါတဲ့ ကိုရီးယားမြေ ဆိုးလ်မြို့တော်ကို ခြေစနင်းဖြစ်ခဲ့တာ
ဒီကနေ့ဆိုရင် အနှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ၊ တခါတခေါက်တော့ ပြန်လည်လို့ ခြေချကြည့်ချင်ပေမယ့် အခုထိတော့ ပြန်လည်ခြေချရဖို့ လမ်းမမြင်သေးပါဘူး၊ အလွမ်းစိတ်တော့ ရှိနေဆဲပါ၊

အဲဒီမှာမှ တနေ့တုန်းက ကင်ချီ လုပ်စားချင်စိတ် ပေါ်လာလို့ လုပ်စားဖြစ်ခဲ့ရင်း ကင်ချီအကြောင်း
ရေးထားမိတာတွေကို ဆက်စပ်ဖော်ပြလိုက်ရတာပါ၊


သခွားသီး ကင်ချီ (Kimchi Cucumbers) (Oi-sobagi: 오이소박이)               (ဓါတ်ပုံ မရငတ)
မရငတ ရဲ့ လက်လုပ်ချဉ်ပါ .. .. ... . . ၁၉၉၃ အမှတ်တရ အဖြစ်ပါ၊
ဒီလို လက်လုပ်ချဉ် အမျိုးပေါင်းများစွာနဲ့ ထမင်းအနပ်ပေါင်းများစွာ စားခဲ့ရပါတယ်၊
သူတို့ ဘာသာစကားနဲ့ ခေါ်ကြတာကတော့ ကင်ချီ ပေါ့ ခင်ဗျာ၊

ကင်ချီကို သူတို့ကတော့ သူတို့တိုင်းပြည်မှာ ပေါပေါလောလော ရရှိပါတဲ့ အရွက်မျိုးစုံကို . …
(တကယ်တော့ သူတို့တိုင်းပြည်က ထွက်ရှိတဲ့ အရွက်က အမျိုးအစား သိပ်များများ မရှိပါဘူး)
ဆောင်းတတွင်းလုံးအတွက် အချဉ်ဖောက် သိမ်းဆည်း စားသောက်လာကြရာက အခုတော့
ကမ္ဘာသိ ပေါ်ပြူလာ အစာတမျိုး ဖြစ်လာတာပါ၊

သူတို့ရဲ့ တောအိမ်လေးတွေမှာဆို မြေအိုးစဥ့်အိုးကြီးငယ်တွေနဲ့ပေါ့ မြို့က ကန်ထရိုက်တိုက်တွေမှာ ဆိုရင်တော့ ဝရန်တာတွေမှာပေါ့ .. ……စဥ့်အိုးသေးသေးလေးတွေ တန်းစီနေတာ တွေ့ရမှာပေါ့၊
အဲဒါတွေ အားလုံးဟာ သူတို့ နေ့စဉ် စားသုံးကြတဲ့ မရှိမဖြစ် ကင်ချီအိုးတွေပါ၊


ဗန်းကြီးဗန်းငယ်နဲ့ ရောင်းကြပါတဲ့ ကိုရီးယားချဉ်ဘတ်ဆိုင်       (Photo NMK Shiheaung)
ကိုရီးယားတနိုင်ငံလုံး တောရောမြို့ပါမကျန် အချဉ်ဖောက်ထားတဲ့ ကင်ချီအိုးတွေကို အလွယ်တကူ တွေ့မြင်နိုင်သလို ကုန်တိုက်တွေ လမ်းဘေးဈေးတွေမှာလည်း ဗန်းကြီးဗန်းငယ်နဲ့ ရောင်းကြပါတယ်၊
တကယ်တော့ တနှစ်ပတ်လုံး အေးနေတတ်တဲ့ ရေတွေခဲနေတတ်တဲ့ မြေကောင်းကောင်း မရှိပါတဲ့
ကိုရီးယားလိုနိုင်ငံမျိုးမှာ ကင်ချီ ခေါ်ကြပါတဲ့ ချဉ်ပတ် လုပ်စားကြတာဟာ ထူးဆန်းပါတယ်လို့
ပြောမရပါဘူး၊ ကင်ချီ အမျိုးပေါင်း တထောင်မကရှိတယ် ပြောရင်လည်း မလွန်ပါဘူး၊
အသီးအရွက်တွေ ပေါပေါလောလော ရရှိတဲ့ နွေရာသီအချိန် လက်ကျန်တွေကို ကြာကြာခံအောင်
အချဉ်ဖောက်သိမ်းဆည်းထားရက ကင်ချီဆိုတာ ပေါ်ပေါက်လာတာပါ၊


သခွားသီး ကင်ချီ (Kimchi Cucumbers) (Oi-sobagi: 오이소박이)               (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေရဲ့ အကြိုက် ကင်ချီကတော့ မုန်ညှင်းရွက်တွေနဲ့ လုပ်တာထက် သခွားသီးနဲ့လုပ်တဲ့
ကင်ချီကို ပိုကြိုက်ပါတယ်၊ ဘာလို့လဲ ဆိုတာက အကြောင်းရှိခဲ့ပါတယ်၊ မောင်ရင်ငတေတို့ အဲဒီ
ကကြီးတွေရဲ့ မြေကို နင်းခါစအချိန်က အလုပ်လုပ်ရင် တရားဝင်လုပ်လုပ် တရားမဝင်လုပ်လုပ်
အလုပ်ရှင်တွေက ကကြီးရိုးရာထုံးစံ အစဉ်အလာအတိုင်း တနေ့ ထမင်းသုံးနပ် ကျွေးရပါတယ်၊
မောင်ရင်ငတေ အလုပ်လုပ်တဲ့ ရွာကလေးက ဆိုးလ်မြို့တော်ရဲ့ အစွန်အဖျားမှာပါ၊
အလုပ်ရုံနားက အာဂျီမကြီးတယောက်ရဲ့ တောထမင်းဆိုင်လေးမှာ အလုပ်ရှင်ရဲ့ စရိတ်နဲ့ ထမင်း
လပေး စားရပါတယ်၊ အလုပ်သမားတွေစားတဲ့ (အလုပ်ရှင်သူဌေးဆိုသူတွေလည်း စားတာပါ) တောထမင်းဆိုင်ဆိုတော့ မပါမဖြစ်က အဲဒီကင်ချီပေါ့၊ သူမပါရင် ပွဲမစည်ပါဘူး၊
အဲဒီဆိုင်မှာ စားခဲ့ရတဲ့ကင်ချီက မုန်ညှင်းရွက်ကင်ချီ အများစုပါ၊ အဲတော့ ကကြီးမြေ နင်းခါစ ကကြီး အစာတွေကို မနည်းမျိုချနေရတဲ့ မောင်ရင်ငတေအတွက် လျှာအရသာမှာ နည်းနည်းတွေ့တဲ့
အဲ သခွားသီးကင်ချီကို အာဂျီမ အဒေါ်ကြီးဆီမှာ ကပ်တောင်းပြီး စားရပါတယ်၊
သခွားသီးက ဈေးနည်းနည်းကြီးလို့ သခွားသီးနဲ့ လုပ်ထားတဲ့ ကင်ချီက သူတို့ နေ့စဉ်ကျွေးတာမှာ
သိပ်ပြီး ပါလေ့ပါထ မရှိပါဘူး၊ အဲဒီ ကိုရီးယား တောထမင်းဆိုင်လေးမှာ တနှစ်နီးပါးလောက် နေ့စဉ်
သုံးကြိမ် သုံးခါ စားလာရင်း နောက်တော့ ဆိုင်ရှင် ကကြီးမကြီးနဲ့ ရင်းနှီးလာသလို သူတို့တတွေရဲ့
ကင်ချီစားနည်း နိဿရည်းတွေကိုလည်း ပို့ချတာကို ခံယူရပါတယ်၊ ဒါပေမယ့် မောင်ရင်ငတေတို့ရဲ့ ငပိပါးစပ်ကြီးက ဘယ်လိုနည်းနဲ့မှ ကင်ချီကို မက်မက်မောမော တန်းတန်းစွဲ ဖြစ်မလာတာကြောင့်
အလုပ်ရှင် သူဌေးနဲ့ညှိပြီး ထမင်းစရိတ် တောင်းကြတာမှာ တောင်းလို့ရလာခဲ့တဲ့ နောက်ပိုင်းမတော့
ကကြီး တောထမင်းဆိုင်ရဲ့ ကင်ချီဆိုတာကြီးနဲ့ အလှမ်းနည်းနည်း ဝေးခဲ့ရပါတော့တယ်၊

Aucun commentaire:

Enregistrer un commentaire