ဦးဝင်းတင်နေအိမ်ပြတိုက်သို့ စိတ်ကူးအလည်သွားခြင်း
မကြာခင်ရက်ပိုင်းတွင်းက
မြန်မာပြည်ရဲ့ နာမည်ကြီး စာရေးဆရာ သတင်းစာဆရာကြီး ဟံသာဝတီ
ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ပါတယ်၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းနဲ့
အွန်လိုင်းမီဒီယာတွေမှာ အပြာရောင်တွေ လွှမ်းမိုးနေတဲ့ ရက်သတ္တပတ်ပါ။

အွန်လိုင်းပေါ်မှာကလည်း
အလွန်တရာ စိတ်ဝင်စားစရာကောင်းတဲ့ ဦးဝင်းတင် နောက်ဆုံးနေထိုင်
သွားခဲ့ရာ နေအိမ်ခန်းရဲ့ပုံတွေ စာကြည့်စားပွဲလေးတွေ အသုံးအဆောင် မျက်မှန်ကဲ့သို့သော ပစ္စည်း
လေးတွေ သူ ဖတ်ခဲ့တဲ့ စာအုပ်စာတမ်းတွေကို မြင်တွေ့နေရတာကိုး။

အဲဒီတော့ကာ
မောင်ရင်ငတေ ဥရောပရဲ့ မြို့တွေရွာတွေကို ခရီးထွက်ခဲ့ရင် ရောက်လေရာအရပ်မှာ
အမြဲလိုလို သတိထားမိ တွေ့ရှိမိ ရောက်ရှိမိခဲ့ရတဲ့ အိမ်ပြတိုက်တွေကို သတိရရင်း မောင်ရင်ငတေ
တယောက်ကတော့ စိတ်ကူးတွေယဉ်ပြီး U Win Tin House ပြတိုက်ကလေးဆီသို့ သွားရောက်လို့

လေ့လာနေချင်မိရတာပါ။
Le Panthéon (Photo AungKhinMyint DK)
အဲဒီမှာမှ
မောင်ရင်ငတေရဲ့ မိတ်ဆွေတဦးဖြစ်သူ ပျူနိုင်ငံဘလော့ဂါ ကိုအောင်က
အခုလိုရေးတာကို သူရဲ့ ဖေ့ဘုတ်ခ်စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။

ကွယ်လွန်သူ
စံပြနိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို တစ်နေရာတည်းမှာ စုစည်းထားတဲ့ ဂူဗိမာန်
တစ်ခု မြန်မာနိုင်ငံမှာ လိုအပ်နေပါပြီ .....

မြန်မာနိုင်ငံက
ပညာတတ်တွေ၊ ပိုက်ဆံ ချမ်းသာသူတွေ၊ အစိုးရ အရာရှိတွေ၊ နိုင်ငံရေး အတိုက်
အခံတွေပါ ယနေ့ခေတ်မှာ ပြင်သစ်နိုင်ငံကို ချောင်းပေါက်မတတ် သွားလာနေကြပါပြီ ....

ပြင်သစ်နိုင်ငံ
ပဲရစ်မြို့အလယ်ခေါင်မှာ ကွယ်လွန်သူ ပြင်သစ် စာပေ ပညာရှင်ကြီးတွေ ဖြစ်တဲ့
ဗော်တဲယား၊ ဗစ်တာဟူးဂိုး အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်အလောင်းတွေကို စုပေါင်း မြုပ်နှံထားရာ
“The Panthéon” ဆိုတဲ့ ပြတိုက်ကြီး ရှိပါတယ် ..... နောင်လာနောင်သားတွေ၊ မျိုးဆက်သစ်
တွေအနေနဲ့ .... ဒီရုပ်အလောင်းပိုင်ရှင်တွေဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် ဘယ်လို
လုပ် ကိုင် ဆောင်ရွက်သွားသူတွေရဲ့ ရုပ်အလောင်းပါဆိုပြီး ပြစရာကျန်ရစ်အောင် ... သေသေချာချာ
စီစဉ်ထားတာပါ .... တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့သူတွေ ကွယ်လွန်သွားချိန်မှာ တိုင်းပြည်နဲ့
လူ့အဖွဲ့အစည်းက လက်လွတ်စပယ် ဖြစ်ကတတ်ဆန်း မသင်္ဂြိုလ်ပြစ်ခဲ့ပါဘူးဆိုတဲ့ လက်ရှိ မျိုးဆက်
တွေရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပါ ဒီပြတိုက်က ဖော်ကျူးထားပါတယ် ....

အဲဒါကို မောင်ရင်ငတေ အတိုင်းထက်အလွန်
ထောက်ခံပါတယ်၊ ဘလော့ဂါ ကိုအောင်ရဲ့ စိတ်ကူး
တွေက လက်ရှိ မောင်ရင်ငတေတို့ ရွှေပြည်တော်ကြီးမှာ လိုအပ်နေတဲ့ အချက်တွေထဲက တချက်ပါ
ဘဲ၊ ဒါမျိုးတွေက အရေးမကြီးပါဘူးဆိုပြီး ပစ်ထားခဲ့လို့ သမိုင်းအစစ်တွေ ပျောက်ဆုံးကုန်ပြီး သမိုင်း
အတုတွေ အလွယ်တကူ ဖုံးလွှမ်းခံခဲ့ရတာပါ၊ ဒါပေမယ့် အဲဒါမျိုးဆိုတာက နိုင်ငံတော်နဲ့ချီပြီး လုပ်ရ
တာမျိုးဆိုတော့ အခုချက်ချင်း ဝုန်းကနဲ ဒိုင်းကနဲ ထလုပ်ဖို့ မလွယ်ကူတဲ့ ကိစ္စမျိုးပါ၊ အဖက်ဖက်က
အကြပ်အတည်းတွေ အခက်အခဲတွေ အမြင်ကွဲလွဲလွယ်မှုတွေ ရှိနေတဲ့ မောင်ရင်ငတေတို့ နိုင်ငံ
အနေနဲ့ မဖြစ်နိုင်သေးဘူးလို့ ထင်ပါတယ်။

စိတ်ကူးထဲက ဦးဝင်းတင်နေအိမ်ပြတိုက် (ဓါတ်ပုံ
မိုးမခဓာတ်ပုံ)
အဲဒီလိုနဲ့
မောင်ရင်ငတေရဲ့ စိတ်ကူးယဉ်အတွေးကို ဆက်ပါတယ်၊ မောင်ရင်ငတေ မိုးမခအွန်လိုင်း
ပေါ်မှာ ရေးသားနေတာတွေကလည်း ဒီလို U Win Tin House ပြတိုက်မျိုးလေးတွေဆီကို သွား
ရောက်ခဲ့တာတွေပါ၊ ပါရီမြို့ပေါ်မှာ Le Panthéon လို နာမည်ကျော် ပုဂ္ဂိုလ်ကြီးများ အထူးသဖြင့်
စာပေနဲ့ အတွေးအခေါ်ပညာရှင်ကြီးများ (၇၁ ယောက် လို့ သိရပါတယ်) ရဲ့ ဂူဗိမာန်တွေ ရှိပါတယ်၊
အဲဒီလို Panthéon လိုမျိုး အဆောက်အဦးကြီး ရှိတာသာမကပါဘဲ နာမည်ကျော်ကြားခဲ့သူများရဲ့
မွေးဖွားခဲ့ရာ သေဆုံးခဲ့ရာ ခေတ္တခဏသာ နေထိုင်ခဲ့ရာ နေရာတွေကို အမှတ်တရဂုဏ်ပြုရင်း နှောင်း
လူတို့ အလွယ်တကူ လေ့လာနိုင်အောင် ပြုလုပ်ပေးထားတဲ့ နေအိမ်ပြတိုက်လေးတွေကို နေရာ
အနှံ့အပြားမှာ တွေ့ရှိရပါတယ်။

ပါရီမြို့က ဗန်ဂိုးနေထိုင်သွားခဲ့ရာ ဗန်ဂိုးညီသီအိုရဲ့ ငှားနေခဲ့တဲ့
တိုက်ခန်း (ဓါတ်ပုံ မရငတ)
တချို့ဆိုရင်
ခေတ္တခဏ ငှားရမ်းနေထိုင်ခဲ့တဲ့ အခန်းဖြစ်ရင်တောင်မှ ဤအိမ်တိုက်ခန်းတွင် ဘယ်နေ့
ဘယ်ရက်မှ ဘယ်ရက်ထိ ဘယ်နှစ်ခုနှစ်က ဘယ်သူ နေထိုင်သွားခဲ့ပါတယ်ဆိုတဲ့ စာတမ်းလေး ရေး
ထိုးထားရင်တောင်မှ မောင်ရင်ငတေတို့လို စိတ်ဝင်စားသူ အများအပြားက မရောက်ရောက်အောင်
သွားပြီး မှတ်တမ်းတင်ကြ ဓါတ်ပုံရိုက်ကြတာပါ၊ အဲဒီလိုမျိုးနဲ့ ကမ္ဘာလှည့် ခရီးသွားတဲ့ သူများကို
စွဲဆောင်ကြတာ အကုန်အကျ သက်သာပြီး အလွန်အောင်မြင်တဲ့ နည်းလမ်းတခုပါ။

ဒါမျိုးလေးတွေ
ဆိုတာက အစဦးပိုင်းမှာ နိုင်ငံတော်နဲ့ ချီပြီး လုပ်နေစရာ မလိုပါဘူးလို့ ထင်ပါတယ်၊
တပိုင်တနိုင် အဖွဲ့အစည်း ခပ်သေးသေးနဲ့ လုပ်လို့ ရနိုင်တာမျိုးပါ၊ အဖွဲ့အစည်း အကြီးကြီးနဲ့ အစည်း
အဝေး စရိတ် ထောင်းတာမျိုးကိုလည်း မောင်ရင်ငတေ အားမပေးချင်ပါဘူး၊ ဆိုင်းဘုတ် အကြီးကြီး

ထောင်စရာလည်း
မလိုအပ်ပါဘူး၊ သက်ဆိုင်ရာ မြို့နယ်အဆင့် ရပ်မိရပ်ဖတွေ ကာယကံရှင်ရဲ့
မိသားစုတွေ ဝိုင်းလုပ်ရင် ရနိုင်တာမျိုးကို မောင်ရင်ငတေ မျှော်လင့်မိကြောင်းပါ။

စိတ်ကူးထဲက ဦးဝင်းတင်နေအိမ်ပြတိုက် (Photos
Nyi Kae)
တိုက်ကြီးတာကြီးတွေမှာသာ ပြုလုပ်လို့ ရတာမျိုး မဟုတ်ပါဘူး၊ အခုလို ကို Kyaw Swar Myint ရဲ့
ဖေ့ဘွတ်ခ်ပေါ်မှာ တွေ့ရတဲ့ “သမိုင်းတွေချန်ခဲ့တဲ့ အဘဦးဝင်းတင်ရဲ့ အခန်းလေး” (Photos Nyi Kae)
ဓါတ်ပုံတွေကို တွေ့မြင်မိရတော့ မောင်ရင်ငတေ တကူးတက သွားရောက်ခဲ့ရတဲ့ ပါရီမြို့အနီး
Auvers-sur-Oise မြို့က ဟော်လန်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုး နောက်ဆုံးနေထိုင်ခဲ့ရာ နေအိမ်ခန်း
လေးကို မြင်ယောင်မိရကြောင်းပါ။

ဗန်ဂိုး
ရက်ပေါင်း ၇၀ သာနေသွားခဲ့တဲ့ ဘာမှမရှိတဲ့ နေအိမ်ခန်းပြတိုက်လေးဟာ ကမ္ဘာ့အသေးဆုံးနဲ့
ဘာတခုမှ ခမ်းခမ်းနားနား မရှိဆုံး ပြတိုက်လေးပါ၊ စိတ်ဝင်စားဘွယ်ရာ အရမ်းကောင်းပါတယ်၊
သူ နေထိုင်သွားခဲ့တဲ့အတိုင်း အနီးစပ်ဆုံး မပြုမပြင်ပါဘဲ ထိမ်းသိမ်းထားရှိတယ်လို့ ဆိုပါတယ်၊
ပြင်သစ် နိုင်ငံရဲ့ Monument Historique သမိုင်းဝင် အဆောက်အဦး စာရင်းထဲမှာ ၁၉၈၅ ခုနှစ်က
စတင်ပြီး ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

AUBERGE RAVOUX - MAISON DE VAN GOGH (ဓါတ်ပုံ မရငတ)
ဒီလိုမျိုး …..
ဗန်းဆင့်ဗန်ဂိုး
နောက်ဆုံးနေထိုင်ခဲ့ရာနေအိမ်ခန်း ပြတိုက်လေးမျိုး ဦးဝင်းတင်နေအိမ်ပြတိုက်ဆိုပြီး
ဖြစ်ပေါ်လာစေဖို့
လုပ်နိုင်ကိုင်နိုင်တဲ့သူများ လုပ်ပိုင်ခွင့်ရှိသူများ ပေါ်ပေါက်လာစေဖို့ တိုက်တွန်း
လိုက်ရပါတယ် ခင်ဗျာ၊ ဦးဝင်းတင်ကဲ့သို တခြား တခြားသော မှတ်တမ်းတင်ထိုက်သူ များကိုလည်း
မှတ်တမ်းတင်နိုင်ကြရင်ဖြင့် မောင်ရင်ငတေကဲ့သို့ စိတ်ကူးဖြင့် အလည်သွားချင် နေသူတွေအတွက်

အလွန်
ဝမ်းမြောက်ဖွယ်ရာကောင်းမှာ ဖြစ်ကြောင်းပါ။
http://moemaka.com/archives/37248 ဧပြီ ၂၃၊ ၂၀၁၄
မောင်ရင်ငတေ
၂၃၀၄၂၀၁၄
Aucun commentaire:
Publier un commentaire