Libellés

Archives du blog

mercredi 4 mars 2015

မီနီဘိုင်အို အပိုင်း (ငါး) ရေနံ့သာမှ ထီလာမြေသို့ (ဆယ်တန်းစာမေးပွဲကျရှုံးခြင်း)

မီနီဘိုင်အို အပိုင်း (ငါး)
ရေနံ့သာမှ ထီလာမြေသို့  (ဆယ်တန်းစာမေးပွဲကျရှုံးခြင်း)


အပေါ်ထပ် လှေကားဝက ဆယ်တန်း ဘီ အခန်း
၁၉၇၉-၁၉၈၀ ပညာသင်နှစ်မှာ အတန်းပိုင်ဆရာမ ဒေါ်စုစုလွင်၊
အခုမရှိတော့ပြီ ဖြစ်တဲ့ သူငယ်ချင်းများ မောင်မောင်တင် မင်းဗလ အေးကို ....... တို့နဲ့ အတူတူ ..........
**** လွန်ခဲ့တဲ့ ၁၅ ရက် ဒီဇင်ဘာ ၂၀၁၂ နေ့ရက်မှာ Meiktila Town အမည်ရ ဖေ့ဘုတ်ခ်စာမျက်နှာ
(https://www.facebook.com/photo.phpfbid=266342063417305&set=a.266340586750786.79718. 100001245397541&type=1&theater)
ပေါ်ကနေ ကွန်မန့်ပေး ရှယ်ထားခဲ့တဲ့ ပုံတပုံပါ၊

ရေနံချောင်းမှာ နေခဲ့ရတာမှာ စာအုပ်တွေတော်တော်များများ ဖတ်ခွင့်ရခဲ့ရုံမက ဦးလေး အဒေါ်တွေ ကျေးဇူးလို့သာ ခုနေခါ ပြောရမှာပါ၊ ဘာကြောင့်ဆိုတော့ အဲဒီတုန်းကတော့ ဘာမှမဟုတ်ခဲ့ပေမယ့် ခုနေချိန်ခါ မြန်မာပြည်နဲ့ ဝေးနေရချိန် အသက်ရွယ်ရလာတဲ့အချိန်မှာ မြန်မာမှုဓလေ့တွေ ခုထက်ထိ စိတ်ထဲမှာလွှမ်းမိုးမှုရှိနေဆဲ သတိရနေဆဲ ဖြစ်နေတာဟာ ရေနံချောင်းမြို့လို အညာမြို့တစ်မြို့မှာ လူငယ်ဘဝ စခဲ့ရတာကြောင့် ဖြစ်မယ်ထင်ပါတယ်၊ ဒီလို ရေနံချောင်းမှာ နေခဲ့ရာကစပြီး မြန်မာပြည် အလယ်ပိုင်း အညာဒေသမြို့ တော်တော်များများကို ရောက်ခဲ့ရတာပါ၊ ရေနံချောင်းရဲ့ မှတ်မှတ်ရရ တခုကတော့ ညနေပိုင်း ကျောင်းဆင်းချိန် သတင်းစာ လိုက်ပို့ခဲ့တာ (အမှန်ကတော့ ရည်းစားအိမ်ရှေ့ ဖြတ်လျှောက်မရဲလို့လည်း ပါပါတယ်) ကိုပါ၊ ဒါပေမဲ့ ရနခ အထက(တစ်) ကျောင်းမှာ ကိုးတန်းတနှစ်သာ ကျောင်းတက်ခဲ့ရပြီး ဆက်လက်နေချင်ပေမယ့်လည်း အဖေ့အလုပ်ပြောင်းရာ မိတ္ထီလာကို နောက်တနှစ် ကျောင်းပြောင်းရွှေ့ခဲ့ရ ပြန်ပါတယ်၊ ရေနံချောင်းမှာသာ ဆက်နေခွင့်ရခဲ့မယ်ဆိုရင် ဘဝမှာ ကျရှုံးမှု အစတခုနဲ့ ရင်ဆိုင်ခဲ့ရမှာလည်း မဟုတ်ဘူးလို့ ခုချိန်ခါမှာ ဖြည့်တွေးချင်နေပြန်သေးတယ်လေ၊


ဒီမြင်ကွင်းလေး ပျောက်ပျက်သွားမှာ စိုးရိမ်မိတယ် ထီလာရေ
ထီလာရောက်တာနဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ထင်တယ်၊ လူကလည်း ၁၅ နှစ်ကျော် ၁၆ နှစ်၊ မြို့သစ် ကျောင်းသစ် ပတ်ဝန်းကျင်သစ်၊ မြို့ကလည်း အလယ်ပိုင်း အညာဒေသမှာတော့ ခေတ်အမှီဆုံးမြို့တမြို့၊ မန္တလေးနဲ့နီးပေမဲ့ ရန်ကုန်စတိုင်လ်ရှိတဲ့မြို့၊ စစ်တပ်နဲ့ ဝန်ထမ်းများတဲ့မြို့၊ မြို့ခံနဲ့ ရွှေပြောင်းဝန်ထမ်း ဧည့်သည်တွေ အပြိုင်များတဲ့မြို့၊ အဲဒီအချိန်ခါကပြောတာနော်၊ နောက်ပြီး ကလော တောင်ကြီးကလည်း တာချီလိတ် မှောင်ခိုလမ်းကြောင်းက ခေတ်ကောင်းနေခဲ့စဉ် ကာလ၊ အဖေကလည်း အဲဒီနှစ်မှာဘဲ ပညာတော်သင်လား ကားသွားဝယ်တာလား မသိဘူး ကိုယ့်အနားမှာ မရှိနေဘူး၊ အနားမှာ အနီးကပ် နားရင်းအုပ် ထိမ်းကျောင်းသူ မဲ့နေတဲ့အချိန်မှာ အဲလိုနဲ့ ရေနံချောင်း မှာနေစဉ် ငုတ်လျှိုးနေခဲ့ရတဲ့ မူလလက်ဟောင်း လမ်းသရဲပိုးက ပြန်လည် မြူးကြွလာပါတော့တယ်၊ ရေကန်အသင့် ကြာအသင့်လို ဒေါင်ဒင်ဒေါင်ဒင် သူငယ်ချင်းများကိုလည်း ပေါင်းမိတာပေါ့၊ ခုချိန်မှာ ပြန်စဉ်းစားမိခဲ့တာကတော့ ပေါင်းမိခဲ့တဲ့ သူငယ်ချင်း တဝက်ကျော်လောက်ဟာ မူရင်း စာတော်သူ ဥာဏ်ကောင်းကြသူများ ဖြစ်နေခဲ့တာပါ၊ ဒေါင်ဒင်ဒေါင်ဒင်သမားတွေကလည်း အများစုက ကိုယ်ပိုင် သံစဉ် စာသားတွေကို မက်မက်မောမော ဖက်တွယ်ပြီး ရူးသွပ်စွာခံစားကြသူများ ဖြစ်နေခဲ့တာပါဘဲ၊ ကိုယ်ကိုယ်တိုင်ကလည်း ခေါင်းလောင်းဘောင်းဘီဝတ်၊ ကျော်ဟိန်းရဲ့ ကြောင်တောင်ကျား ပုတီး လည်ပင်းဆွဲပြီး ခင်ဝမ်းကို အိပ်မက်မက်ခဲ့တာပါ၊ ခင်ဝမ်းနဲ့အတူ ကိုယ်ပိုင်သံစဉ်တွေ ရူးသွပ်မှုနဲ့အတူ တွေ့ရာစာတွေကို မလွတ်တန်း ဖတ်ခဲ့ပါတယ်၊ ပေါက်ချောင်း ဆေးရုံကြီး နောက်ပေါက်က သစ္စာစာပေ ပိုင်ရှင် အဒေါ်ကြီးက နေ့လည်ဘက် စာအုပ်လာမွှေရင် ဆိုင်ကို (မရငတ)ရဲ့ လက်အပ်ပြီး နောက်က သူ့အိမ်ထဲဝင်ပြီး လုပ်စရာရှိတာလုပ်နေတာ တော်တော်နဲ့ ပြန်ထွက် မလာတော့ပါဘူး၊  မောင်ရင်ငတေဖြစ်လာမယ့် အကောင်ကလည်း သူပြန်ထွက်လာတာတောင်မှ စာအုပ်ရွေးလို့ မပြီး စာမြည်း မပြီးလေ၊

ဂျင်း ခေါင်းလောင်း ဘောင်းဘီဝတ်လို့ ကျော်ဟိန်းရဲ့ ကြောင်တောင်ကျားပုတီး လည်ပင်းဆွဲပြီး ဘောင်းဘီ မချွတ်တမ်းဝတ်ချင်တဲ့ ဒေါင့်မကျိုးတဲ့ အမူအရာတွေကို နှစ်ချိုက်စွာ တုပခဲ့တာကြောင့် ရန်မဖြစ်ရတဲ့နေ့ မြို့ခံတွေရဲ့ ဝိုင်းဆွမ်းကြီးလောင်း မခံရတဲ့နေ့က မရှိသလောက်ပါဘဲ၊ သူငယ်ချင်း အများစုက ဒေါင်ဒင်လည်းလုပ် ခေါင်းလောင်းဝတ်ပြီး ဆယ်တန်းကို နှစ်ချင်းပေါက်သွားခဲ့ကြပါတယ်၊ မောင်ရင်ငတေကတော့ သူတို့ထက် ရင့်ကျက်တဲ့ နှစ်ကြီးသမား ရပီတာများနဲ့ စာမေးပွဲကြီးနီးခါမှ ပေါင်းပြီး လေမိတာကြောင့် ဘဝရဲ့ ပထမဆုံးအရှုံးကို ကျေကျေနပ်နပ်လက်ခံ ခဲ့ရပါတယ်၊ အခုတိုင် ဘယ်လိုမှ ဖြတ်ချင်စိတ်မရှိအောင် ဆေးလိပ်သောက်နည်းသင်တန်း ပို့ချခဲ့သော ငယ်ဆရာကြီးအား ယခု ဦးညွှတ်ပါ၏၊ (မှတ်မိသလောက်ဆိုရရင်) ဒု ကျောင်းအုပ်ဆရာမကြီးရဲ့သား အဲဒီ ပုဂ္ဂိုလ်လည်း ဆယ်တန်းအောင် တက္ကသိုလ်တက်ပြီး ဗိုလ်သင်တန်းရောက်သွားတယ် ကြားသိခဲ့ရပြီး အခုတိုင် မတွေ့ဆုံ ဖြစ်တော့ပါဘူး၊

ပေါက်ချောင်းဘောလုံးကွင်း အနောက်ဘက်က စိန်ပန်းပြာနဲ့ ဘာမားခြံဆိုတဲ့ နေခဲ့ဖူးသောနေရာ ဟောင်းကို ဒီကနေ့ထိတိုင်အောင် မမေ့နိုင်ပါဘူး၊ မှတ်မှတ်ရရ ၇၉ ရဲ့ နှုတ်ဆက် နယူးရီးယားညမှာ သူငယ်ချင်းတွေ စက်ဘီးတွေ ကိုယ်စီနဲ့ တညလုံးနီးပါး အနောက်ဂိတ် ပေါက်ချောင်း နန်းတော်ကုန်း မြို့လုံးပတ်ပြီးစီးခဲ့တာရယ် အဲဒီဘော်ဒါတွေထဲက ယခု မရှိတော့ပြီ ဖြစ်သော အရင်းနှီးဆုံး ဘော်ဒါ သုံးဦး (မောင်မောင်တင် အေးကို မင်းဗလ) တို့ကိုလည်း ခု နှစ်ပေါင်းသုံးဆယ်ကျော် ဒီအချိန်မှာထိ သတိရနေဆဲပါ၊

နွေရာသီ ကျောင်းပိတ်ရက် အောင်စာရင်း မထွက်ခင်မှာတော့ အမေရဲ့ နယ်နှင်ခြင်းဒဏ် ခံခဲ့ရပြီး ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ အဒေါ်တယာက်ရဲ့ ကောင်းမှုနဲ့ အင်္ဂလိပ် စပီကင် သင်တန်းသွား တက်ရပါတယ်၊ အမေက မိန်းမရသွားမှာကို စိုးရိမ်ပြီးတော့ ပို့လိုက်တာပါ၊ မောင်ရင်ငတေကတော့ ရန်ကုန်သွားရပြီးတာ၊ သိပ်သွားချင်နေတာကိုး၊ ခေတ်မီတယ်ဆိုတာဘာလဲ ** ဆိုတဲ့ သိချင်စိတ်က တွန်းပို့နေတော့  အိမ်ကနေပြီး အဝေးကို ထွက်ချင်နေမိတာလည်း ပါမယ် ထင်မိပါရဲ့ဗျာ၊

အဘွားအိမ်မှာနေပြီး သင်တန်းတက်ရပါတယ်၊ အဲဒီကစပြီး ရန်ကုန်မှာ ဂျပိုးထိုးတော့တာဘဲပေါ့၊  ရန်ကုန်မှာနွေရာသီ ကျောင်းပိတ်ရက်တလျှောက်  နေခဲ့ပျော်ခဲ့ပြီး ရန်ကုန်ဗဟုသုတ မြောက်များစွာ အပြင် လောကဟင်းလင်းပြင် အကျယ်ကြီးရဲ့ အကြောင်းကိုလည်း စိတ်ဝင်စားခဲ့ရပါတယ်၊ နယ် ဒေသ ကျဉ်းကျဉ်းလေးကနေ ဖောက်ထွက် ထိုးဖောက် ကြည့်ချင်တဲ့ စိတ်တွေလည်း သန္ဓေ တည်ခဲ့ တယ်လို့ ပြောရမယ်ထင်ပါတယ်၊ နယ်ကနေ ရန်ကုန်ကို ပြောင်းသွားတဲ့ သူငယ်ချင်းက မင်းမနိုင်မှာ နေပါတယ်၊ စောစောက ကျောင်း ဘီခန်းမှာ တူတူတက် လည်ပင်းဖက်ခဲ့တဲ့ မရှိတော့ပြီဖြစ်သော မင်းမင်းဗလ **** ပါ၊ မောင်ရင်ငတေ တည်းခိုနေတဲ့ အဘွား တောကရင်မ စစ်စစ်ကြီးရဲ့အိမ်က ရွှေတိဂုံဘုရားအရှေ့မုခ် နားမှာ ဆိုတော့ကာ သိပ်မဝေးပါဘူး၊ အဘွားရဲ့လက်ရာ ငါးကဇွန်းရွက် ချဉ်ရေဟင်းထဲ ရောထည့်ထားတဲ့ ကြက်ခြေထောက်တွေရယ် ငပိရည်ဇလုံရယ် ဘာအရွက်တွေမှန်း ခုထိ မသိတဲ့ တို့စရာမျိုးစုံကိုတော့ ခုထိလွမ်းနေရပါ့ဗျာ၊ မောင်ရင်ငတေရဲ့အခုထိ လူမျိုးစုံဘာသာစုံ ဓလေ့စုံစရိုက်စုံ ပေါင်းတတ်တဲ့အကျင့် အစားအစာစုံ စားတတ်တဲ့အကျင့်ဟာ အဲဒီလို ငယ်ဘဝက ပါလာတာ ထင်ပါတယ်လေ၊  ထူးခြားချက် တခုကလည်း အဲဒီနွေရာသီ မှာဘဲ မြန်မာ့ရုပ်မြင်သံကြား ဆိုတာကြီး ပေါ်ပေါက်လာခဲ့တာ၊ မင်းမနိုင်ကနေ ဘုရားလမ်းဘက် အထွက်မှာ ဒဂုန်ကောင်စီရုံးလား တရားရုံးလား မသိဘူး ရှိပါတယ်၊ အဲဒီ ရုံးရှေ့ ကွက်လပ်မှာ အသစ် စက်စက် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို အများပြည်သူများ ကြည့်ရှုနိုင်ဖို့ နေရှင်နယ်တံဆိပ် ကျွန်းရောင် တဖိတ်ဖိတ် ပြောင်လက်နေတဲ့ တီဗွီသေတ္တာပုံးကြီးကိုချပြီး မြန်မာ့ရုပ်မြင်သံကြားဌာနရဲ့ တိုက်ရိုက် အစီအစဉ် များကို ပြသပေးတာပါ၊ ည ၇ နာရီကနေ ၁၀ နာရီကျော်ထိ ထင်ပါတယ်၊ သုံးကားပေါင်း မိုးအလင်း ကြည့်လာတဲ့ မောင်ရင်ငတေတို့လို ရွှေလူမျိုး လူကြီး လူငယ် လူရွယ် ဘုစုခရု ကျားမပေါင်းစုံ ကတော့ ညနေစောင်းပြီ ဆိုကတည်းက အုတ်ခဲကျိုးခု ဖျာခင်းနေရာယူ အသင့်ပြင် နေရာယူ ကြပြီ ပေါ့ဗျာ၊ မောင်ရင်ငတေတို့လည်း တစ်ခါမှ မကြည့်ဖူးတဲ့ သူတွေဘဲလေ၊ တိုးဝှေ့ ကြည့်ကြတာပေါ့၊ ဒီကနေ့အချိန်မှာတော့ မွေးကတည်းက တီဗွီရှေ့အိပ်လာတဲ့ ကလေးတွေကတော့ ဘာမှအဓိပ္ပါယ်မှ မရှိဘူးလို့ တွေးထင်ချင် ထင်နိုင်တာပေါ့၊ အဲဒီအချိန်က အဲဒီတီဗွီဆိုတာကြီးက အကယ်ဒမီ ဆယ်ဆု လောက်ချိန်နိုင်တဲ့ အကောင်းဆုံး ရုပ်ရှင်ကား ရုံတင်တာတောင် ကြည့်မယ့်သူ လျော့သွားတဲ့ အချိန် ဖြစ်ခဲ့ရတာပေါ့၊ ရွာကဘုရားပွဲကို အဟုတ်မှတ် နေခဲ့ကြတဲ့ မောင်ရင်ငတေတို့ ဘော်ဒါ သူငယ်ချင်း တသိုက်ကတော့ ညစဉ်သွား အားပေးခဲ့ကြတာပေါ့၊ ရန်ကုန်သူ ချောချောလှလှ မော်ဒယ်ဂဲလ် လေး တွေကို သွားငမ်းရတာလည်း အဓိက အကြောင်းရင်းပေါ့လေ၊



နယ်ကပြောင်းသွားတဲ့ မောင်ရင်ငတေထက်နည်းနည်း အသက်ကြီး အတန်းကြီးကြတဲ့ သူငယ်ချင်း တချို့နဲ့လည်း ပြန်တွေ့ပြီး ထူးခြားတဲ့ အတွေ့အကြုံ တခုကတော့ ကျောင်းပိတ်ထားပေမဲ့ အမြဲတမ်း ဖွင့်ထားတဲ့ ဦးချစ် လက်ဘက်ရည်ဆိုင်ကို အဲဒီ သူငယ်ချင်းများနဲ့ စတင်ပြီး ထိုင်ခဲ့ဖူးတာကိုပါ၊ အရင် ငယ်ငယ်က ရန်ကုန်လာလည်ခိုက် တက္ကသိုလ်ဝန်းထဲကို ဖြတ်သွားဖြတ်လာ လုပ်ခဲ့ဖူးပေမယ့် အခု ကိုယ်ကိုယ်တိုင်က တက္ကသိုလ် ဝင်တန်းကို ဖြေပြီးထားချိန် ရွယ်တူ သူငယ်ချင်းတွေနဲ့ အတူထိုင်ပြီး တက္ကသိုလ်ရဲ့ ရနံ့ကို ရလိုက်ချိန်မှာတော့ တခါမှ မရူးဖူးတဲ့ ရူးသွပ်မှုတခုက ရင်ထဲမှာ စူးစူးနစ်နစ် ခံစားခဲ့ရပါတယ်၊ အဲဒါကို အခုခေတ်လူငယ်လေးများ ခံစားရစေချင်ပါတယ်၊ ဦးချစ်ဆိုင်မှာ ဖွင့်နေတဲ့ သီချင်း အသစ်တွေကလည်း ကိုယ့်အကြိုက် ကိုယ်ပိုင်သံစဉ် ခိုင်ထူးတို့ ကိုင်ဇာတို့ရဲ့ သီချင်းတွေ တက္ကသိုလ် သီချင်းတွေ၊ ရင်ထဲမှာ မသိစိတ်က ချလိုက်မိတာက တနေ့မှာ ငါဒီမှာရှိနေမယ် လာမယ် ဆိုတာကိုပါ၊ ဒါပေမယ့်လည်း အဲဒီနှစ်မှာ စာမေးပွဲ ကျရှုံးခဲ့ရပါတယ်၊ စိတ်ထဲကတော့ ကြုံးဝါးခဲ့တာ ကတော့ ….. နေနှင့်လေအုံးပေါ့ တက္ကသီလာ မြကျွန်းသာရေ . .… ပေါ့ ခင်ဗျာ၊ အဲဒီ ခုနှစ်က ၁၉၈၀ ခုနှစ် ဖြစ်ပါတယ်၊




မောင်ရင်ငတေ ၂၀၁၃ နှစ်လယ်က ရေးဖြစ်ခဲ့တဲ့ အတိုအစတခုပါ … ….. …
၂၀၁၄ အကုန် ၂၀၁၅ နှစ်ဆန်းမှာ ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေပေါ်မှာ ပြန်တွေ့ခဲ့ရတဲ့
 ကျောင်းနေဘက် သူငယ်ချင်းများအတွက်နဲ့ မရှိတော့ပြီဖြစ်သော ချစ်သောသူငယ်ချင်းများကို အမှတ်ရသောအားဖြင့် ရေးထားခဲ့သော အတိုအစများကို ပြန်လည်အချောကိုင်ပြီး 
အမှတ်တရ တင်လိုက်ရခြင်းပါ၊

(ဓါတ်ပုံများကတော့ အင်တာနက် ဂူဂဲလ်မှ ဓါတ်ပုံများ ဖြစ်ကြပါတယ်၊ 
မူရင်း ရိုက်ကူးသူ တဆင့် မျှဝေသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း)


မောင်ရင်ငတေ ၀၄၀၃၂၀၁၅

Aucun commentaire:

Enregistrer un commentaire