မောင်ရင်ငတေရဲ့
အမာထည် အသည်းနှလုံးများ (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ ရေးလိုက်တဲ့
အသည်းနှလုံးများ ဆိုတာကို ခေါင်းစဉ် ဖတ်ကြည့်လိုက်ရုံ ဆိုရင်တော့
ဟိုး တခေတ်က နာမည်ကျော်
စာရေးဆရာကြီး ဆွေလှိုင်ဦးရဲ့ ရင်သိမ့်တုန် အချစ် အကြမ်း အရမ်း ဇာတ်လမ်းတပုဒ်ရဲ့ ခေါင်းစဉ်လို့
ထင်ကြမယ့်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်၊
အမှန်တကယ်မှာတော့ မောင်ရင်ငတေရဲ့ ရင်ထဲက အသည်းနှလုံးများကတော့ နူးညံ့ကောင်း နူးညံ့ နိုင်ပေမယ့် ဘဝက ပေးလာတဲ့ အခြေအနေများအရ မမာချင်ပါတဲ့ အသည်းများကလည်း အပေါ်ယံ အကာကတော့ မာကျောလွန်းမက မာကျောလို့နေပြီ ထင်ပါတယ်၊
ဒီနေရာမှာ တကယ် ရေးချင်တာက
ရင်ထဲက အသည်းနှလုံးများရဲ့ အကြောင်း မဟုတ်ပါဘူး၊
ရင်ထဲ အသည်းနှလုံးကြားက
စီးဆင်းလာတဲ့ စကားလုံးများကို အကောင်အထည်ဖြစ်အောင် ဖန်တီး ပုံဖော်ပေးကြပါတဲ့ တချို့သော
ဗမာစာစကား ပညာရှင်ကြီးများ အသံ ဖလှယ်ထားပါတဲ့ အမာထည် အပျော့ထည် ပစ္စည်းများရဲ့ အကြောင်းပါ၊
အဲဒီလို အမာထည် အသည်းနှလုံးများဟာ
မောင်ရင်ငတေတို့အတွက် မရှိမဖြစ်လို ဖြစ်လာနေပါပြီ၊
ဒါကို ဘယ်လို လူမျိုးမှ
မငြင်းနိုင်တော့ပါဘူး၊ အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲခြင်း မပြုကြသေးသူ များလည်း
သုံးစွဲကြရင်ကောင်းလေမည်လား စဉ်းစားနေကြပါပြီ၊ အမာထည်နဲ့အပျော့ထည်ကတော့ အစဉ်အမြဲ ဒွန်တွဲလို့
နေတာပါ၊ ခွဲခြားလို့ မရစကောင်းပါ၊
အဲဒီမှာ စောစောက ပြောခဲ့တဲ့
အမာထည် အပျော့ထည်တွေဆိုတာ ဟို အရင်က ပြောခဲ့ကြသလို ကွန်ပြူတာ အဆင့်မှ မဟုတ်တော့ပါဘူး၊
လက်တဝါးစာ အရွယ်ရှိတဲ့ စကားပြောလို့လည်း ရပါသလို စာတိုက်ကနေ တကူးတက သွားပို့စရာ မလိုအပ်တော့တဲ့
စာရေးစာရိုက် လိုအပ်ပါက ဓါတ်ပုံရိုက်ပြီး ပို့လို့လည်း ရသလို ရုပ်ချောသူများ ချစ်ကြသူများအတွက်
ရုပ်ပုံဖွင့် စကားပြောလို့လည်း ရနိုင်ပါတဲ့ တယ်လီဖုန်း ဆိုတာမှာလည်း ရှိနေပါပြီ၊
ဒီလို အမာထည် အပျော့ထည်များဟာ
ကမ္ဘာကြီးကို တစတစနဲ့ ဆွဲကိုင်ညှစ်လာကြတာ အခုဆိုရင် လက်တဆုပ်စာ အရွယ်ကို ရောက်လာပါပြီ၊
မောင်ရင်ငတေရဲ့ ဆွေတော်မျိုးတော်တသိုက်တောင်မှ ဝမ်းတထွာ တိုက်ပွဲတွေကြားမှာ ရင်ဆိုင်တိုက်ခိုက်နေကြရင်း
မအားလပ်တဲ့ အချိန်တွေကို အားလပ် စေအောင် ကြံဆောင်ကြရင်း ဖေ့ဘုတ်ခ်ဆိုတဲ့ (မနာလိုသူတွေ
အမနာပပြောဆိုကြပါတဲ့) ဆိုရှယ်လူမှု ကွန်ယက်ကြီးမှာ အပြိုင်အဆိုင် ဝင်ရောက် ကူးခပ်လာကြတာ
တပျော်တပါးကြီး ဖြစ်လို့နေပါပြီ၊
အဲလို အမာထည် အပျော့ထည်
အသည်းနှလုံးများဟာ ဈေးနှုန်းတွေကလည်း တမင်ကလာ တန်ဖိုး မြှင့်ထားတာမျိုးတွေ ရှိသလို
မောင်ရင်ငတေတို့လို ပေါချောင်ကောင်း ဘတ်ဂျက်သမားတွေအတွက် မိတ်အင်ချီးနားမက မိတ်အင်ထိုင်းလန်း
မိတ်အင်ဖိလစ်ပင်းတွေလည်း ပေါပေါများများ ပေါ်ထွက်လို့ လာနေပါပြီ၊
အဲဒီ မောင်ရင်ငတေရဲ့
မရှိမဖြစ် အမာထည်က အခုတလောမှာ ဖောက်ပြန်လာတာကြောင့် ဒီစာကို
ရေးချဖြစ်ရတာပါ၊ အော်
သူ့ ခင်ဗျာမှာလည်း မောင်ရင်ငတေနဲ့ အတူတူ နေ့စဉ်လို အလုပ်ကြမ်းတွေ လုပ်ခဲ့ရလို့ ပင်ပန်းရှာပြီပေါ့၊
မောင်ရင်ငတေရဲ့ လွန်ခဲ့တဲ့
ရှစ်နှစ်နီးပါးက ဝယ်ယူသုံးစွဲခဲ့တဲ့ ငယ်ချစ်ဟောင်းလို့ ပြောရင်ရနိုင်ပါတဲ့ အမာထည် အသည်းနှလုံးကတော့
တစတစ ချူချာလာခဲ့တာ အခုခါမှာတော့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ လက်ပြ နှုတ်ဆက်ဖို့ ပြင်နေပါပြီ၊
အဲဒီလို ဒီကနေ့ ခေတ်အခါမှာ
မောင်ရင်ငတေရဲ့ မရှိမဖြစ်ပါတဲ့ အမာထည် အသည်းနှလုံးကြီးက တနေ့တခြား ဆိုသလို ချူချာလို့
လာနေပေမယ့်လည်း မောင်ရင်ငတေရဲ့ ငွေမာဈေးကွက်ကလည်း သိပ်ပြီးတော့ အခြေနေမကောင်းလှတာကြောင့်
အသစ်ပြန်လည်လဲလှယ်ဖို့ကို အတော်ကို စဉ်းစား ရပါတယ်၊
အမာထည် ဈေးနှုန်းတွေက ကျဆင်းလာနေပါသော်လည်း
မောင်ရင်ငတေရဲ့ လိုချင်လောဘတွေက အရင်ကထက်ပိုတက်လာလို့ စိတ်အတော် ပင်ပန်းရပါတယ်၊
မောင်ရင်ငတေ လုပ်ချင်သလိုအလုပ်တွေကို သူကလည်း စိတ်ရော ကိုယ်ပါ လိုက်လုပ်နိုင်ပါ့မလား
ဆိုတာကိုလည်း ထည့်စဉ်းစားရပါတယ်၊ စိတ်တူလက်တူ မဟုတ်ပြန် ရင်လည်း ရေရှည်လက်တွဲဖို့ဆိုတာ
မလွယ်ဘူး မဟုတ်ပါလား၊
ဘယ်လိုဖြစ်ဖြစ်ပါလေ
.. …. .. . …… အဲဒီ မောင်ရင်ငတေရဲ့ အသည်းနှလုံးအသစ်ကိုတော့
အရင် ချစ်လှစွာသော အသည်းနှလုံး အဟောင်းနေရာမှာ အစားထိုးရတော့မှာပါ၊
ချစ်လှစွာသော အသည်းနှလုံး
အဟောင်းကတော့ စိတ်ချမ်းသာစွာ အနားယူပြီး မောင်ရင်ငတေရဲ့ အနားမှာရှိနေအုံးမှာပါ၊ ဒါတွေများ
မရှိတော့ရင် မောင်ရင်ငတေလည်း ရှိတော့မှာ မဟုတ်ကြောင်းပါ၊
ဒီလိုအသည်းနှလုံးအသစ်တွေအကြောင်းရေးနေရင်းနဲ့
မောင်ရင်ငတေဖွင့်ထားတဲ့ သီချင်းစက်ကနေ ထွက်လာတဲ့ သီချင်းသံကတော့ တခေတ်တခါက နာမည်ကြီး
သီချင်းတပုဒ် ဖြစ်ခဲ့တဲ့ . . .. . …..
ကိုခိုင်ထူးရဲ့
“အသည်းနှလုံး မရှိရင်
လွမ်းချင်း ကင်းမဲ့မယ် . … .. …. . .. ” ဆိုတဲ့ သီချင်းသံလေးပါ ခင်ဗျာ၊
မောင်ရင်ငတေ ၀၃၀၃၂၀၁၅
Aucun commentaire:
Publier un commentaire