Libellés

Archives du blog

mercredi 4 mars 2015

** ဗမာစာကိုလွမ်း * **

အတွေးစတစ 
ဗမာစာကိုလွမ်း
ဗမာစာ ဆိုလို့ ကျောင်းမှာသင်တဲ့ စာတော့ မထင်လိုက်ပါနဲ့၊ ဗမာ စားစရာကို ဆိုလိုချင်တာပါ၊
ဟိုတလောက မောင်ရင်ငတေအတွက် စားစရာ လက်ဖက်ပုလင်း တပုလင်းကို လက်ဆောင် ရရှိခဲ့ပါတယ်၊ အဲဒီ လက်ဖက်ပုလင်းကို ဓါတ်ပုံရိုက်ရာကနေ …..
ဗမာ “စာ” ဗမာ “အစာ” ဆိုတာတွေ အကြောင်းကို တွေးမိပြီး အတွေးနယ်ချဲ့ဆက်ဆန့်မိပါတယ်၊



St Albert Tea Flower စောမိုလက်ဖက်ပုလင်း
အဲဒီလို လက်ဆောင်ရရှိခဲ့တဲ့ St Albert Tea Flower စောမို တံဆိပ် လက်ဖက်ပုလင်းမှာ
ပါဝင်တဲ့ လက်ဖက်သား အသားတင်အလေးချိန်က ၃၁၁ ဂရမ် လို့ ရေးထားပါတယ်၊
ပုလင်းအလေးချိန်ကလည်း တော်တော်စီးပါတယ်၊ အဲဒီ သပ်သပ်ရပ်ရပ် ပုလင်းသွပ် လက်ဖက်က
နိုင်ငံတကာ စံချိန်မီ ထုတ်လုပ်ထားတယ်လို့ ပြောလို့ရမှာပါ၊
မောင်ရင်ငတေ့ အတွက်ကတော့ ပုလင်းအခွံက ကောင်းတာထက် အထဲမှာ လက်ဖက်သား များများပါဖို့ကလည်း ပိုအရေးကြီးတာပါ၊
လက်ဆောင်ပေးတဲ့သူ သယ်လာနိုင်တဲ့ အလေးချိန်ကလည်း ကန့်သတ်ချက် ရှိတယ် မဟုတ်လား၊
အဲဒါကြောင့် မောင်ရင်ငတေတို့လို လူစားမျိုးတွေ အတွက်က ပုလင်းခွံ မလိုချင်ဘူး၊
အထဲက အစားသာ များများပါဖို့ အရေးကြီးပါတယ်၊ လိုအပ်ပါတယ်၊



သန့်ရှင်းသက်သာ ဟုမ်းမိတ် အစားအစာ
နိုင်ငံရပ်ခြားမှာ နေထိုင်သူများအတွက် ဗမာဖြစ် ဗမာပြည်က ထုတ်လုပ်တဲ့ အစားအစာများကို
စားချင်ရင်ဖြင့် ပိုက်ဆံတတ်နိုင်ရင်တောင်မှ အလွယ်တကူ ဝယ်လို့ စားလို့ မရနိုင်ပါဘူး၊
ရွှေဗမာတွေ များပြားစွာ ရောက်ရှိနေထိုင်နေတဲ့ တိုင်းပြည်တွေ မြို့တွေမှာတော့ ဝယ်ယူရရှိဖို့
သို့မဟုတ် လူကြုံကောင်းတွေကြောင့် ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေမယ့် …..

 တချို့သော ရွှေဗမာတွေ ဝင်ထွက်သွားလာမှု နည်းပါးလှတဲ့ ……..
အထူးသဖြင့် မောင်ရင်ငတေတို့ နေထိုင်ရာ ဥရောပမှာ ….. ဥရောပမှာတောင်မှ ပြင်သစ်ပြည်ပါ၊
ပြင်သစ်ပြည်ထက် ဆိုးမှာကတော့ ဆွစ်ဇာလန်တို့ အီတလီတို့ စပိန်တို့ပါ၊
ပြင်သစ်ပြည်မှာ ရွှေလူမျိုးဦးရေက ရာဂဏန်းသာသာ နှစ်ရာကျော်လောက်တော့ ရှိမယ်ထင်ပါတယ်၊
ဆွစ်ဇာလန်မှာတော့ ရာဂဏန်းအောက်ပါ၊ အီတလီ စပိန်တို့မှာတော့ ရှိတော့ရှိတယ် ရှားတယ်ပေါ့၊
ချက်နိုင်ငံမှာတော့ ဆယ်ဂဏန်းကျော် ရှိပါတယ်၊
ဂျာမဏီတို့ နယ်သာလန်တို့ နော်ဝေးတို့ ဒိန်မတ်တို့မှာတော့ ရွှေလူမျိုးတွေ အရည်အတွက်က
ထောင်ဂဏန်းကျော် ထောင်ကြီးပိုင်းထိ ရှိနေပြီမို့ နည်းနည်း တော်ပါသေးတယ်၊
ဥရောပရောက် ရွှေလူမျိုးတွေ အများဆုံး နေထိုင်ရာကတော့ ယူနိုက်တက်ကင်းဒမ်း နိုင်ငံပါ၊
အနည်းဆုံး ရွှေခြောက်သောင်းကျော် ရောက်ရှိနေထိုင်နေပါတယ်တဲ့၊
တနေ့က မောင်ရင်ငတေ့ဆီ ပါရီကို လာလည်တဲ့ မန်ချက်စတာရောက် ရွှေတယောက်က
ပြောပြတာကတော့ သူတို့ဆီမှာ ရွှေတွေ စုရုံးပေါင်းစု နေထိုင်ရာ ရပ်ကွက်တွေကို
ဗိုလ်ဆွန်ပက်ရပ်ကွက်တို့ ဗိုလ်ချုပ်ဈေးရပ်ကွက် တိုက်ကြီးရပ်တို့ဆိုပြီး အမည်ပေးထားတယ် ဆိုပါတယ်၊

နောင် နှစ်ပေါင်း အတော်ကြာလာရင်တော့ …..
အဲဒီ ဗမာအမည်တွေက အဲဒီ ရပ်ကွက်တွေရဲ့ တရားဝင်အမည် ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး၊
နိုင်ငံတနိုင်ငံရဲ့အမည် မြို့အမည် လူအမည်တွေကို သူတို့ ပြောင်းရွှေ့ ရောက်ရှိ နေထိုင်ကြရာ
ရပ်ကွက် လမ်း မြို့ကလေး ရွာကလေးတွေကို တရားမဝင် ကိုယ့်အချင်းချင်း ခေါ်ဝေါ်ခဲ့ကြရာက
တရားဝင် အမည်များအဖြစ် သတ်မှတ်လာခဲ့ရတာ အများအပြားပါ၊



ဒိန်းမတ်ပြည်က ရွှေကုန်စုံဆိုင်
အဲဒီလို ရွှေဗမာများ တဖြေးဖြေးများလာတဲ့ နေရာတွေမှာ ရွှေအစားအစာတွေကို ရောင်းချသူတွေ
ပေါ်လာလေ့ ရှိတာကတော့ ထုံးစံပါ၊ အဦးဆုံးသော ရောင်းချကြသူတွေက ဘယ်လိုရွှေဗမာတွေ ဖြစ်မယ်

ဆိုတာကိုတော့ ဒီနေရာမှာ ထည့်မပြောတော့ပါဘူး၊ အားလုံးသိကြပါတယ်၊


အဲဒီလိုနဲ့ ရွှေပြည်တော်ရဲ့ အစားအစာကို လွမ်းကြသူများအတွက် …..
ရွှေဗမာ စားစရာတွေ ရောင်းချတဲ့ စတိုးဆိုင်လေးတွေ ရွှေဗမာတွေရဲ့ စားသောက်ဆိုင်လေးတွေ
ဥရောပတလွှား နေရာအနှံ့ မြို့ကြီးမြို့ငယ်တွေမှာ ပေါ်လာနေပါတယ်၊

ဒါပေမယ့်လို့ မောင်ရင်ငတေ နေထိုင်ရာ မြို့တော်ပါရီမှာတော့ အခုချိန်ထိတိုင် ရွှေစားသောက်ဆိုင်
ရွှေကုန်စုံဆိုင်ရယ်လို့ တဆိုင်မှ မရှိသေးပါဘူး၊ မောင်ရင်ငတေတို့ မရောက်ရှိမီ ၁၉၉၀ နှစ်များဆီက
ဆိုင်တဆိုင်တော့ ရှိခဲ့ဖူးပါတယ်တဲ့၊ အခုတော့ တကယ်ကို မရှိပါဘူး၊
တလောက အင်တာနက်မှာ မန္တလေးစားသောက်ဆိုင်ဆိုလို့ သေချာဖတ်ကြည့်တာ ရွှေတိုင်းပြည်ကို

သွားရောက်လည်ခဲ့ဖူးတဲ့ ပြင်သစ်တယောက်က ရွှေဗမာအမည် ပေးထားတာပါ၊
ရွှေအစာ ရောင်းချတာတော့ မဟုတ်ပါဘူး၊

အဲလို ဆိုင်မရှိတဲ့အရပ်များမှာ နေထိုင်ကြတဲ့ မောင်ရင်ငတေတို့လို ရွှေချစ်သူ ရွှေဗမာတွေလည်း
ရွှေအစာတွေ စားချင်လာရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ချက်ပြုတ်ကြရရင်းနဲ့ ပရောဖက်ရှင်နယ်
ချက်ကြီးတွေ ဖြစ်လာကြပါပြီ၊

မုန့်ဟင်းခါးလား ဒန်ပေါက်လား ကြက်သားပလာတာလား စမ်းချင်ရာ စမ်း လာထားလို့ စိန်ခေါ်နိုင်ကြပါပြီ၊
မြောင်းမြဒေါ်ချိုတို့ စံပြဒေါ်ကြည်တို့ နီလာဒန်ပေါက်တို့လောက် ပျင်းတောင်ပျင်းသေးတယ် ဖြစ်ကုန်ပါပြီ၊

မောင်ရင်ငတေတောင်မှ တချိန်မှာ ရွှေပြည်တော်ကြီးကို ပြန်ရောက်ခဲ့ရင် သူများတကာ
ပြန်တော်မူကြီးတွေလိုဘဲ မုန့်ဟင်းခါး အကြံတော်ပေး သွားလုပ်ရရင် ကောင်းမလား သို့တည်းမဟုတ်
အေးအေးလူလူ ရွာတရွာ သွားနေပြီး အကြော်ဆိုင်လေးဖွင့် ပဲပြုတ်လေးပါ တွဲရောင်းစားရရင်
ကောင်းမလား အကြံကြီးကြံ တွေးထားမိရပါတယ်၊




ငရုတ်သီးမိုးမျှော် တကီလို ယူရို ၂၀ ဗမာငွေ (ရွှေကျပ်ငွေ နှစ်သောင်းခြောက်ထောင်ခန့်)
အဲလို ရွှေအစာတွေကို ချက်ပြုတ်စားဖို့ ကုန်ကြမ်းမျိုးစုံ အသီးအရွက်မျိုးစုံကို ပါရီမြို့တော်မှာ လွယ်လွယ်ကူကူ ဝယ်ယူရရှိ နိုင်ပါတယ်၊
အသီးအရွက်ဈေးကတော့ ခေါင်ခိုက်လောက်အောင် ဈေးကြီးလှပါပေတယ်၊
ငရုတ်သီးစိမ်း တကီလို ယူရို နှစ်ဆယ်လောက် ပေးရပြီး
ကဇွန်းရွက်ကောင်းကောင်း တကီလို ဆယ့်သုံးလေးငါးယူရို ပေးဝယ်စားရတာပါ၊


ပါရီမြို့တော် တရုတ်တန်းလမ်းဘေး အခွန်လွတ်ဈေးတန်း
အခုတလောမှာတော့ ပါရီ ၁၃ ရပ်ကွက်က တရုတ်တန်းနယ်မြေရဲ့ လမ်းဘေးမှာ ခြံထွက်သီးနှံတွေ
ရောင်းချတဲ့ အခွန်လွတ် လမ်းဘေးဆိုင်လေးတွေ များလာပါတယ်၊
အဲဒီလိုဆိုင်လေးတွေမှာတော့ ဈေးအနည်းငယ် သက်သက်သာသာ ဝယ်လို့ရပါတယ်၊
ဒါပေမယ့်လည်း ပါရီမြို့တော် စည်ပင်သာယာရဲ့ ဂဠုန်စီမံချက် ဆိုတာကလည်း ရှိတတ်တာမို့ အမြဲ
ရှိနေတာတော့ မဟုတ်ပါဘူး၊

အဲလို အာရှဒေသ အစားအစာတွေမှာ လုံးဝရှာမတွေ့နိုင်တဲ့ မစားကြတဲ့ ရွှေအစာတွေကတော့ လက်ဖက်သုတ်စားတဲ့ လက်ဖက်သားရယ် ပဲကြီးလှော်ရယ် ဒညင်းသီးရယ် ရှမ်းပဲပုတ်တို့လို
အစာမျိုးတွေရယ် ဆေးပေါ့လိပ်တို့ရယ်ပါ၊ စီးကရက်မျိုးစုံ ဆေးပြင်းလိပ်မျိုးစုံရှိလို့ ဆေးပေါ့လိပ်
မရှိတာ ကိစ္စမရှိ မထောင်းသာပေမယ့် လက်ဖက်သား ဆိုတာမျိုးကတော့ အရေးကြီးဆုံးထဲမှာ ပါပါတယ်၊



တပိုင်တနိုင် ကိုယ်တိုင်သယ်လာတဲ့ မရှိမဖြစ် ရွှေကြက်

နောက်တခု မောင်ရင်ငတေအတွက် မရှိမဖြစ်တဲ့ အစာတမျိုးကတော့ ……  ရွှေပဲကြီးလှော်ပါ၊
ပဲကြီးလှော်တောင်မှ ရောင်းတန်းမှာတော့ ရွှေကြက်ကို အကြိုက်ဆုံးပါ၊
ရွှေတိုင်းပြည်ကြီးမှာသာ ထုတ်လုပ် ရောင်းချ စားကြတဲ့ ရွှေပဲကြီးလှော်ကို ကြိုက်နှစ်သက်လှတဲ့
မောင်ရင်ငတေ အတွက်ကတော့ လူကြုံကောင်းတိုင်း မမှာမဖြစ် မှာယူစားသောက်ရတဲ့ ရွှေအစာပါ၊


ဒီပုံကတော့ ဒိန်းမတ်နိုင်ငံကို ရောက်ရှိနေထိုင်နေတဲ့ မောင်ရင်ငတေရဲ့ ညီမတော်တယောက်
ဖန်တီးထားတဲ့ တပိုင်တနိုင် အိမ်နောက်ဖေးက ဈေးဆိုင်လေးပါ၊ ဒါမျိုးလေးတွေကလည်း
မောင်ရင်ငတေတို့လို အဝေးရောက်မင်းများအတွက် လိုအပ်လှပါကြောင်း . . . .... . ...

မောင်ရင်ငတေ ၂၂၀၈၂၀၁၄
http://moemaka.com/archives/39482      သြဂုတ် ၂၃၊ ၂၀၁၄  


Aucun commentaire:

Enregistrer un commentaire