လောက်ကိုင်ဆီသို့ သွားကြည့်ခြင်း
လောက်ကိုင်ဆီသို့
ဗမာလို “လောက်ကိုင်”
ဆိုပြီး ရေးသားနေကြတဲ့ (Laukkai) (Laukkaing) (老街) (Lǎojiē) ကို ဂူဂဲလ်မြေပုံ အင်တာနက်ကနေ မောင်ရင်ငတေ သွားကြည့်ထားသမျှ
စုဆောင်းရေးသားထားတာပါ၊
စိတ်ဝင်စားစရာ နေရာဒေသတခုပါ။
လောက်ကိုင်မြို့ လောက်ကိုင်နယ်ဆိုတာက
ရှမ်းပြည်နယ်အရှေ့မြောက်ဖျားအစွန်း တရုတ်နယ်စပ် အနီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
နယ်မြေနှစ်ခုထဲက တခုပါ၊ နောက်နယ်မြေ တခုကတော့ Konkyan ကုန်းကြမ်းမြို့ပါတဲ့၊ အဲဒီနယ်မြေတွေက
တောတွေတောင်တွေထူထပ်လှပြီး ပင်လယ်ရေ မျက်နှာပြင် အထက် ပေခြောက်ထောင်ကျော် မြင့်မားတဲ့
နေရာတွေပါ။
လောက်ကိုင်နယ်ကို
သွားချင်တယ်ဆိုပါက မန္တလေး-မေမြို့ ၄၂ မိုင် မေမြို့-လားရှိုး ၁၃၄ မိုင် လာရှိုး-သိန္နီ
၃၃ မိုင် သိန္နီကနေ ကွတ်ခိုင် မူဆယ်လမ်းဘက်ကို မလိုက်ပါဘဲ အရှေ့စူးစူးကို ၅၁ မိုင် ဆက်သွားလိုက်မယ်ဆိုရင်
ကွမ်းလုံမြို့ကို ရောက်ပါတယ်၊ ကွမ်းလုံမြို့မရောက်ခင်မှာ နာမည်ကျော် ကွမ်းလုံကြိုးတံတားကနေ
သံလွင်မြစ်ကို ဖြတ်ကျော်ကူးရမှာပါ၊ အလွန်တရာ သာယာလှပတဲ့ တော တောင်ရှုခင်းတွေကို တွေ့မြင်ရမှာပါ၊
ကွမ်းလုံမြို့ထိတော့ မောင်ရင်ငတေ့ ချစ်သောသူငယ်ချင်းတွေ ကောင်းမှုနဲ့ ရောက်ခဲ့ဖူးပါတယ်၊
နောက်တခေါက်လောက်တော့ သွာချင်ပါသေးတယ်။
တကယ်ကတော့ မန္တလေးကွမ်းလုံဆိုတာ
မိုင်နှစ်ရာ့ခြောက်ဆယ်သာဝေးလို့ နေ့ချင်းပြန်ခရီးသွားလို့ ရနိုင်တဲ့ ခရီးသာပါ၊ နယ်မြေတွေ
အေးချမ်းသာယာပြီး လမ်းတွေတံတားတွေကောင်းဖို့တော့ လိုအပ် တာပေါ့လေ၊ ကွမ်းလုံမြို့နားမှာ
တိဘက်ကုန်းပြေမြင့်က ဖြစ်ဖျားခံစီးဆင်းလာတဲ့ Angry River ခေါ် သံလွင်မြစ်နဲ့ တရုတ်ပြည်က
စီးဆင်းလာတဲ့ Nanding ခေါ် Nanting နန်တင်မြစ်တို့ ဆုံတွေ့ကြတဲ့ မြစ်ဆုံတဆုံ ရှိပါတယ်၊
အဲဒီ မြစ်ဆုံနေရာကတော့ နာမည်ကျော် ကွမ်းလုံကူးတို့ဆိပ် ဆိုတဲ့ နေရာပါ၊ ရှေးနှစ်ပေါင်းများစွာကတည်းက
ထင်ရှားခဲ့တဲ့ နေရာပါ၊ နန်တင်မြစ်က တရုတ်ပြည်ရဲ့ ဝလူမျိုးစုတွေ အများဆုံး နေထိုင်ရာ
Lincang Gengma နယ်မြေမှာ မြစ်ဖျားခံလာတာပါ။
ကွမ်းလုံကနေ ဟိုပုန်
(ဟိုပန်) လမ်းအတိုင်း အရှေ့ဘက် ၁၆ မိုင်ဆက်သွားရင်တော့ Namtit ဆိုတဲ့ ဝတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ
ဂိတ်ဆုံးကိုရောက်မှာပါ၊ အဲဒီလမ်းအတိုင်း ဆက်လို့သွားမယ် ဆိုရင်တော့ တရုတ်ပြည်ကို ရောက်သွားပါပြီ။
လောက်ကိုင် (Laukkai) (Laukkaing) (老街) (Lǎojiē)
လောက်ကိုင် (Laukkai) (Laukkaing) (老街) (Lǎojiē)
ကွမ်းလုံကနေ လောက်ကိုင်နယ်မြေကိုတော့
ဂူဂဲလ်မြေပုံပေါ်မှာ တွေ့ရတာ လမ်းရယ်လို့ကို ကြီးကြီး မားမား ကောင်းကောင်းကန်းကန်း ဖောက်ထားတာ
မတွေ့ရှိရတော့ပါဘူး၊ ကွမ်းလုံမြို့ မြောက်ဘက် မိုင်သုံးဆယ်ကျော် လေးဆယ်အကွာလောက်မှာ
တည်ရှိတာပါ၊ တရုတ်ပြည်နယ်စပ် Nansanzhen, Zhenkang မြို့နဲ့ကတော့ ဆယ်မိုင်သာသာ ဝေးပါတယ်၊
(လားရှိုးနဲ့လောက်ကိုင်က မိုင်တရာ့နှစ်ခန့်
ဝေးပြီး မန္တလေးမြို့နဲ့ကတော့
မိုင်သုံးရာနီးပါး ဝေးတာပါ၊) Nansan တရုတ်နယ်စပ်ဂိတ်ရဲ့ ဟိုဘက် မှာတော့ လမ်းကောင်းကောင်းတွေ
ဖောက်ထားပြီး ဖြစ်နေပါပြီ၊
လောက်ကိုင်မှ
တရုတ်ပြည် Nansanzhen သို့
Nansan နယ်စပ်ဂိတ်ကို ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းကနေ သွားမယ်ဆိုရင်တော့ မိုင် ၄၈၀ ကျော်ရှိပြီး တနေကုန်ခရီးကြာနိုင်ပါတယ်၊
အခုတလော ရွှေတွေရဲ့မီဒီယာလောကမှာ
နာမည်ကြီးလာတဲ့ **လောက်ကိုင်**** အမည်ကြောင့် နယ်စပ်ဖြတ်ကျော်ခရီးသွားခြင်း အကြောင်းတွေနဲ့
ဆက်စပ်ပတ်သက် နေသမျှကို မောင်ရင်ငတေ စိတ်ဝင်စားလို့ ရေးချွတ်ထားတာတွေထဲက ****လောက်ကိုင်ဆီသို့
သွားကြည့်ခြင်း** အပိုင်းအစ တွေကို ပေါင်းစုလိုက်ရခြင်း ဖြစ်ပါတယ်၊ အဲဒီလို လောက်ကိုင်တို့
ကုန်းကြမ်းတို့ ချင်းရွှေဟော်တို့ နန်းတစ်တို့ စတဲ့စတဲ့ နယ်စပ် နယ်မြေ ဒေသတွေဟာ သွားရေးလာရေး
အထွေထွေ ခက်ခဲမှုတွေကို အကြောင်းပြုပြီး နာမည်သာ ကြားဖူးကြတာများပြီး ရောက်ဖူးသူတွေ
ရှားပါးလှတာပါ၊ ဒီနယ်စပ်တွေ မပြောပါနဲ့ ဒီထက် ပိုနာမည်ကြီးပြီး ရောက်ဖူးကြသူ အတော်အသင့်ရှိတဲ့
တမူးတို့ မူဆယ်တို့ မဲဆိုင် မဲဆောက်တို့တောင်မှ မရောက်ဖူးကြသေးသောသူများအဖို့ နယူးယောက်တိုကျို
ဝါရှင်တန်တို့ထက် သွားရေးခက်တယ် ထင်ကြတာမျိုးပါ၊ သမိုင်းကြောင်းတလျှောက် နှစ်ပေါင်း
ခြောက်ဆယ်ကျော်မှာ ဒီနယ်မြေတွေက အညိုရောင် အမည်းရောင် အနက်ရောင်နယ်မြေတွေ ဖြစ်နေခဲ့ရတော့
အမှောင်ဖုံး သတင်းတွေသာ များပြားခဲ့ရပါတယ်၊
မောင်ရင်ငတေ စိတ်ဝင်စားတာက
ဒီကနေ့ ဖြစ်ပွားလာနေတဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး၊
မရောက်ဖူးသေးတဲ့နေရာတွေကို
သွားချင်တဲ့စိတ် တခုတည်းနဲ့ပါ၊ သေနတ်နဲ့ပစ်ကြခတ်ကြရင်တော့ စစ်ပွဲ ခဲနဲ့ပေါက်နဗန်းလုံးကြရင်တော့
ရန်ပွဲပါ၊ ဘယ်ဟာမှ မကောင်းပါဘူး၊ မောင်ရင်ငတေကတော့ စစ်ပွဲလည်းမကြိုက်ပါဘူး၊ ရန်ပွဲလည်းမကြိုက်ပါဘူး၊
နယ်နမိတ်တွေအတားအဆီးတွေ အပိတ်အဆို့
တွေကိုလည်း မကြိုက်ပါဘူး၊
လွတ်လပ်စွာ သွားလာခွင့်ရတာကိုသာ လိုချင်သူပါ၊Nansan နယ်စပ်ဂိတ်ကို ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းကနေ သွားမယ်ဆိုရင်တော့ မိုင် ၄၈၀ ကျော်ရှိပြီး တနေကုန်ခရီးကြာနိုင်ပါတယ်၊
မောင်ရင်ငတေ ၁၅၀၂၂၀၁၅
Aucun commentaire:
Publier un commentaire