ထုံးဘိုနဲ့
ဆိပ်သာကြား ဧရာကမ်းနဘေးက အကောက်တောင် (Photo AMM MPE)
ငါ့ ရင်ထဲမှာ ဧရာဝတီ
ရိုင်းရေစီးသံ (နှစ်)
ဧရာဝတီရေ မနှစ်က ရိုင်းဆီကို
ရောက်ခဲ့တုန်းက ရိုင်းရေစီးသံတွေ ကြားခဲ့ရတာကို ငါ အမှတ်မထင်
ကောက်ခြစ်ထားမိလိုက်တဲ့
စာရွက် အပိုင်းအစလေး အသိမ်းလွန်သွားတာကနေ ဘယ်လိုမှ ရှာမရ ဖြစ်နေတာ မနေ့တနေ့ကမှ ပြန်တွေ့ပြီး
မင်းကိုလွမ်းတဲ့ ရောဂါတွေ ပြန်ဖောက်လာတယ် ဆိုပါစို့ကွာ၊
အဲဒါနဲ့ ဒီ စာတွေ
ဆက်ရေးဖြစ်တာဘဲ ဟေ့၊ မင်း သည်းခံပြီးတော့ ဖတ်ပေးပါကွာ၊
ပြောသာပြောရတာပါ၊
မင်းကလည်း သည်းခံရလွန်းလို့
တကိုယ်လုံးမှာလည်း ဒဏ်ရာတွေ ဗလပွ ဖြစ်နေပြီလို့ ငါ ကြား ပြီးပါပြီ၊ သည်းခံတိုင်းလည်း
မကောင်းဘူး ကိုယ့်လူရေ၊
ရိုင်းနဲ့ မြို့ပြတည်ဆောက်မှု (ဓါတ်ပုံ မရငတ)
မြစ်ရယ် လူရယ် မြို့ဆိုတာက
သမိုင်း တလျှောက်လုံး ဆက်စပ်နေတာကွ၊ မြစ်ရှိရင် မြစ်နားအနီးမှာ လူနေမယ် လူနေရင် မြို့ဖြစ်လာတာဘဲ၊
ပင်လယ်တွေနဲ့ သမုဒ္ဒရာတွေက
မင်းတို့နဲ့စာရင် နည်းနည်းရိုင်းတော့ ငါတို့နဲ့ ဝေးတယ်ပေါ့ကွာ၊
အဲဒီ အကြောင်းတွေကိုတော့
နောင်မှ တိုက်ဆိုင်လာရင် ထည့်ပြောကြတာပေါ့၊
ခုတော့ မင်းနဲ့ ပတ်သက်တာတွေကိုဘဲ
ငါအရင် ပြောချင်နေတာကွ၊
ဟိုးအဝေးက သမိုင်းမှာ
ပါခဲ့တာတွေ ပြန်ဖတ်ကြည့်ရင် ရှင်းပါတယ်ကွာ၊
ရိုင်းရဲ့ သမိုင်းနဲ့
မင်းရဲ့ သမိုင်းကို ယှဉ်ပြီး ပြောကြကြေး ဆိုရင် မင်းကလည်း ခပ်ညံ့ညံ့ကောင်မှ
မဟုတ်တာကွ နော့၊
ငါ မင်းဘက်က ပုံပြီး
လောင်းရဲပါတယ်ကွ၊
မြစ် လူ မြို့ ပေါင်းပြီး
သမိုင်းဆိုတာကို ရေးလိုက်ရင် ငါတော့ မင်းတို့က အဓိကလို့ ထင်မိတယ်၊
မြစ်ကြီးပြီး အသုံးကျခဲ့ရင်
သမိုင်းကြီးခဲ့တာ လက်တွေ့ပြနိုင်တာတွေ အများသား မဟုတ်လား၊
ငါသိသလောက် ရောက်ခဲ့ဖူးသလောက်ကတော့
မြို့တွေဆိုတာ (ရွာတွေ အပါအဝင်ပေါ့ကွာ)
မင်းတို့လို မြစ်တွေများ
မရှိခဲ့ရင်တောင်မှ အင်းတွေ အိုင်တွေ ကန်တွေရဲ့ ဘေးနားမှာ သွားပြီး မြို့တည် ရွာတည်
ကြရတာ မဟုတ်လား၊
ဒီ အင်းအိုင်ကန် ဆိုတာကလည်း
မင်းတို့ကြောင့် ဖြစ်လာတာပေါ့၊ ရိုင်းရဲ့ ထူးခြားချက်မှာလည်း အဲ တခုပါတယ်ကွ၊ ရိုင်းကြောင့်
Bodensee (Lake Constance) ဆိုတဲ့ ရေကန်ကြီးတကန် ဖြစ်လာ ခဲ့ပြီး အဲဒီ ရေကန်ကြီးကမှ
တဆင့် ရိုင်းက ဆက်စီးသွားခဲ့တာ မြောက်ပင်လယ် အထိကွ၊
အဲဒီကန်ကြီးအကြောင်း
မြောက်ပင်လယ်အကြောင်း နောင် တိုက်ဆိုင်လာရင် ထပ်ပြောကြတာပေါ့၊
ရိုင်းနဲ့
မြို့ပြသမိုင်း (ဓါတ်ပုံ မရငတ)
ဒါကြောင့် သမိုင်းတွေကို
ဖန်တီးခဲ့တာ မင်းတို့မြစ်တွေက အဓိကနေရာက ပါခဲ့တယ်လို့ ငါဆိုလိုတာ မျိုးပါ၊ မင်းတို့ကလည်း
ရေနဲ့ ဖြစ်တည်ခဲ့တာ၊ ရေကလည်း အရာရာမှာ အဓိကကျတာ မဟုတ်လား၊
မင်းတို့က ရေ ပေါ
တယ် လေ၊ ရေ အသက် တမနက်ကနေ တဘဝ ဆိုပြီး ပြောင်းပြောရမယ့် ဇာတ်လမ်းအသစ်တွေလည်း မင်းတို့
နဘေးမှာ ဖြစ်ခဲ့တာတွေ မင်းသိမှာပေါ့၊
ရေသမိုင်းပေါ့ကွာ၊
ရေရဲ့သမိုင်းမှာ ဇာတ်လိုက်ကတော့ တယောက်တည်း ဖြစ်ချင်ဖြစ်ပေမယ့် လူဆိုးတသိုက်က တဗိုလ်ကျ
တဗိုလ်တက် စံနစ်ဘဲလေ၊
မင်းလို ရှေ့မီ နောက်မီတဲ့
သိတဲ့သူမျိုးကို ငါပြောပြနေတာ ငါ တတ်လွန်းလို့ မဟုတ်ဘူးနော်၊
မင်းရဲ့ သမိုင်းကို
ငါ လေးစားလွန်းလို့ပါကွာ၊ ဂုဏ်ယူရမိလို့ပါ၊
မာကိုပိုလိုတောင်မှ
သူနေတဲ့ ဗင်းနစ်ဆိုတဲ့ ပင်လယ်ကမ်းစပ်ကနေ အဲဒီတုန်းက သတင်းကြီးနေတဲ့ ကူဗလိုင်ခန်းကြီးဆီကို
တကူးတက သွားတွေ့ခဲ့ရတုန်းက မင်းဆီတောင်မှ လာပြီး တွေ့သွားခဲ့ရသေး တာဘဲကွာ၊
အဲဒီ ရိုင်းဆိုတာ
မာကိုပိုလိုရဲ့ စာရင်းထဲမှာ မင်းလောက်တော့ အရေးမပါခဲ့ဘူးလို့ ငါ ထင်တယ်ကွာ၊
မင်း သဘောတူရဲ့လား၊
ရိုင်းကို ငါ စာရင်းမသွင်းတာ မဟုတ်ဘူး နော်၊
သူ့ အရပ်မှာ သူ့ ဇာတ်မှာတော့
သူလည်း မင်းလို မင်းသားကြီးဘဲလေကွာ၊
ဒီ မင်းသားကြီးတွေကို
ရာဇဝင်ထဲမှာ မထားခဲ့ချင် သူတွေထဲမှာ ငါလည်း ပါပါတယ် သူငယ်ချင်း၊
ဥရောပမှာတော့ ရိုင်းကို
ငါ အကြိုက်ဆုံး ကွ၊ သူနဲ့ ခဏခဏ တွေ့ဖြစ်တယ်လေ၊
ကြာတော့လည်း မင်းလို
ရင်းနှီးလာကြတာပေါ့ကွာ၊
ရိုင်းကမ်း တလျှောက်မှာလည်း
မင်းလိုဘဲ မြို့ပိစိလေးတွေ ရွာသာသာတွေ များတာပါဘဲ၊
တကယ်တမ်း အမြဲနေတဲ့
သူတွေထက် လာလည်တဲ့သူက ပိုများတယ် မောင်ရင်ရေ၊
အိမ် သာတော့လည်း ဧည့်
လာတာ ဘယ် ဆန်းမလည်း နော့၊
သူတို့ဆီလာတဲ့ ဧည့်သည်ဆိုတာက
အရေအတွက် ကမြောက်ကချောက် မဟုတ်ဘူးနော်၊ နှစ်စဉ် သန်းပေါင်းများစွာလာတာ၊ သန်း ဆယ်ဂဏန်းကျော်မက
လာတာ၊
ဒီကလူတွေကလည်း ငါနဲ့တွေ့တော့
မင်းနဲ့ငါ သူငယ်ချင်းမှန်း သိသွားကြတော့ မင်းကို မေးကြတယ်၊
မင်းကို ဒီ ကမ္ဘာက
လူတွေက မမေ့သေးပါဘူးကွာ၊ တော်တော်များများက သိနေကြတယ်၊ မင်းရဲ့
မြစ်ဆုံကိစ္စကလည်း
ဟိုးလေးတကျော်ကိုးကွ၊ နာမည်ကြီးလာတယ်ဆိုပြီး မင်း ဘဝင်မမြင့်နဲ့အုံး၊
အများစုကတော့ စိတ်မကောင်း
ဖြစ်ကြတာပေါ့၊ တချို့သူတွေတော့ သတိထားဟေ့၊ သူတို့တွေက မင်းနာမည်ပြ ဂွင်ဖန်ကြအုံးမှာ
ဆရာရေ၊ ဒီခေတ်လူတွေက ကြောက်စရာ အကောင်းသားကွ၊
ငါတို့လို အဝေးက ငမွဲတွေကတော့
အားပေးရုံကလွဲလို့ ဘာတတ်နိုင်မှာလည်းကွာ၊ အဲဒါတွေ တွေးပြီး ငါမင်းဆီကို စာရေးချင်စိတ်တွေ
ပိုများလာခဲ့တာ ကြာပါပြီ၊ ခုမှဘဲ ချရေးနိုင်တော့တယ်ကွ၊
ရိုင်း ရေစီးသံတွေကြားပြီး
ရိုင်းအကြောင်းစဉ်းစားမိရင် မင်းအကြောင်းကလည်း အလိုလို ပါလာတာ ပေါ့၊ ရိုင်းက မင်းလိုတော့
ငါတို့ တနိုင်ငံတည်းနဲ့ ပတ်သက်နေတာ မဟုတ်ဘူး ဆိုပါတော့၊
ခြောက်နိုင်ငံက လူတွေအများကြီးနဲ့
ပတ်သက်နေတာကွ၊
ဒါပေမယ့် သူတို့ ခြောက်နိုင်ငံ
ဆိုတာကလည်း မင်းတို့ ငါတို့ဆီက ကချင်တို့ စစ်ကိုင်းတို့ လောက်မှ မကျယ်တာတွေ ပါတယ်လေ၊
သူတို့ရဲ့ စကားတွေလည်း
မတူကြပါဘူးကွာ၊ ပြဿနာတွေတော့ ရှိခဲ့ကြတာပေါ့၊
သမိုင်းကြောင်းတလျှောက်လုံး
သူတိုက် ကိုယ်တိုက် ဦးသူဆော်ခဲ့ကြတာ စစ် မဖြစ်ခဲ့တဲ့ နှစ်ရယ်လို့ မရှိပါဘူး၊ ခုတော့
ဒီဘက် ငါတို့ခေတ်မှာ စစ်တိုက်ကြရတာ မောလာကြလို့ ထင်ပါရဲ့ကွာ၊ အေးအေး ချမ်းချမ်းတော့
ရှိနေပါတယ်၊
ဟိုးဘက် ဥရောပ အရှေ့ခြမ်းကတော့
မင်းသိတဲ့အတိုင်း အညိုရောင် နယ်မြေဖြစ်ဆဲမို့ ငါလည်း သိပ်မသွားဖြစ်ဖူး၊ ငါတို့ကလည်း
နေရာတကာ သွားသတိ စားသတိနဲ့ နေရတာ မဟုတ်လား၊
ရိုင်းနဲ့
မြို့ပြသမိုင်း (ဓါတ်ပုံ မရငတ)
ရိုင်းက မင်းရဲ့ တဝက်လောက်ဘဲ
ရှည်တယ်ကွ၊ ဆိုဒ်ကလည်း နည်းနည်းသေးတာပေါ့၊
မင်းနဲ့ မတူတာက သူက
ပြောင်းပြန် စီးနေတာ၊ တောင်ကနေ မြောက်ကို စီးတာလေ၊ မင်းကတော့ ပြောချင် ပြောမှာပေါ့၊
မင်းတို့ မြစ်တွေက မြင့်ရာက နိမ့်ရာကိုဘဲ စီးတတ်တယ် ဆိုပြီးတော့ပေါ့၊
မှန်ပါတယ်ကွာ၊ တောင်က
မြောက်ဖြစ်ဖြစ် မြောက်က တောင်ဖြစ်ဖြစ် အရှေ့က အနောက်ဖြစ်ဖြစ် အနောက်က အရှေ့ဖြစ်ဖြစ်
မင်းတို့က မြင့်ရာက နိမ့်ရာကိုသာ စီးတာ၊
ဒါပေမယ့် ငါတို့ထဲက
တချို့ကတော့ မင်းတို့လို မဟုတ်ဘူးကွ၊ နိမ့်ရာက ရသမျှ ရသမျှ ချူချင်ကြသူ များလို့သာ
လာသပေါ့၊ ခေတ်ကြီးကလည်း မကောင်းပါဘူးကွာ၊
ရိုင်းနဲ့
မြို့ပြကုန်သွယ်ရေး (ဓါတ်ပုံ မရငတ)
ရိုင်းက အသုံးလည်း
သိပ်ဝင်သလို လှလည်းလှတယ်၊ သူလည်း မင်းလိုဘဲ သိပ်လှတယ်၊ အလှချင်း ကတော့ ဘယ်တူနိုင်ပါ့မလဲ၊
မင်းရဲ့ အလှက သဘာဝတွေ
အများကြီး ကျန်နေသေးတယ်၊ သဘာဝအတိုင်း လှတာက ပိုပြီး ကျက်သရေ ရှိပါတယ်ကွာ၊ ခေတ်မဆန်ချင်ပါနဲ့၊
အရိုင်းဆန်တဲ့ အလှတွေ
ရိုင်းမှာ တချို့တဝက် ကျန်နေသေးပေမယ့် မင်းလောက်တော့ ဘဝမနာခဲ့ တာမို့လား မသိဘူးကွ၊
သိပ် ရင့်ကျက်တဲ့ ပုံမတွေ့ရဘူးလို့ ငါမြင်တယ်၊
သူတို့ယဉ်ကျေးမှု သူတို့ပုံစံတွေက
မင်းတို့ ငါတို့နဲ့တော့ ဘယ်တူနိုင်ပါ့မလည်းဆိုတာ ငါနားလည်ပါ တယ်၊ သူတို့ဟာ သမိုင်းတွေထဲမှာ
ကျန်နေခဲ့တာမျိုးတော့ ဘယ်တော့မှ မတွေ့ရဘူးကွ၊
သူတို့က ရိုင်းကို
ကောင်းကောင်း အသုံးချခဲ့သလို ကောင်းကောင်းလည်း ပြုစုထားလို့ ထင်တယ်ကွ၊ ရိုင်းက ယဉ်ယဉ်လေးနဲ့
လှနေတာမျိုးပေါ့ကွာ၊
ငါ ဒီလိုပြောလို့
မင်းစိတ်ထဲမှာ ဆိုးမလား၊ ဒေါသမကြီးချင်ပါနဲ့
ကိုယ့်လူရေ၊
ငါ ရိုင်းအနားကို
ရောက်သွားတဲ့အခါတိုင်း မင်းကို သတိရလွန်းလို့ ဒီစာတွေကို ရေးဖြစ်တယ်ဆိုတာ
မင်း သဘောပေါက် သင့်တယ်၊
မင်းရဲ့ ရေစီးသံ ရိုင်းတာကို
ငါအမြဲ လွမ်းတတ်သလို မင်းရဲ့ ရေစီးသံ ယဉ်တာကိုလည်း ငါအမြဲ တမ်းတတတ် နေတာပါကွာ၊ စိတ်မဆိုးပါနဲ့
ဧရာဝတီမင်းရယ်၊
မင်းစိတ်ဆိုးရင် ငါကြောက်တယ်ကွ၊
မင်းတခါတခါမှာ ဒေါသတကြီး ဖြစ်တတ်တာကိုတော့ ဘယ်လို မေ့နိုင်ပါ့မလဲ၊ အမှတ်ရတယ်ကွာ၊ အဲဒီအကြောင်းတွေကို၊
ငါ့မှာ သေမတတ် ကြောက်ခဲ့ရတာ၊
အဲဒီအကြောင်းလည်း
နောက်မှ ဆက်ရေးမယ်ကွာ၊ ဒီနေ့ ငါ ဒီစာကိုရေးနေတာ သိပ်မကြာသေးခင် ရိုင်းဆီက ပြန်လာပြီး
မင်းကို သတိတရ ဆက်ရေးနေတာပေါ့၊
ရိုင်း မင်းကို ဆုတောင်းပေးသလို
မင်း ကျန်းမာပါစေလို့ ငါလည်း ဆုတောင်းပေး လိုက်ပါတယ်ကွာ၊
ဒါဘဲကွာ၊ နောက်တပတ်မှ
ဆက်ရေးအုံးမယ်၊ မင်းရဲ့ ငယ်ပေါင်း ဘော်ဒါကြီး၊
မင်းရဲ့ ထာဝရ (မရငတ)
…..၊ ။။။။။။
ဧရာဝတီ
…. တည်ငြိမ်တဲ့ သူရဲ့ ရေအလျှင် …………… (ဓါတ်ပုံ ဂူဂဲလ်)
{ ရိုင်း = The
Rhine river (Romansh: Rain; German: Rhein; French: Rhin; Dutch: Rijn) is a
European river.}
မောင်ရင်ငတေ ၁၀၀၄၂၀၁၄
http://moemaka.com/archives/36880 ဧပြီ
၁၁၊ ၂၀၁၄
Aucun commentaire:
Publier un commentaire