မောင်ရင်ငတေရဲ့ ရောက်ခဲ့ဖူးတဲ့ ဧရာဝတီကို လွမ်းမိသောအားဖြင့် ရောက်ရှိခဲ့ရတဲ့ ဥရောပမြစ်တွေ အကြောင်းကို ဖြတ်ညှပ်ကပ်ပြီး စိတ်ကူးပေါက်ရာ ရေးသားခဲ့တဲ့ ****ငါ့ ရင်ထဲမှာ ဧရာဝတီ** စာစု အတိုအစများပါ၊
ဗန်မော်မြို့အနီးက
ဧရာဝတီ (ဓါတ်ပုံ
ဂူဂဲလ်)
ငါ့ ရင်ထဲမှာ ဧရာဝတီ
….. ဧရာဝတီဟာ ရှည်လျှားကွေ့ကောက်စွာ ဖြတ်သန်းစီးဆင်းနေတယ်၊
နေ့နေ့ ညည လရှိရှိ
မရှိရှိ နေထွက်ထွက် မထွက်ထွက်
ရင်ထဲမှာ အော်နေတာ
မည်နေတာ ဧရာဝတီရဲ့ ရေစီးသံတွေ၊
အခါတပါးက ငါမွေးဖွားလာခဲ့ရာ
ငါ့ဇာတိချက်မြုပ်ရာကလည်း မင်းဆိုတဲ့ ဧရာကမ်းရဲ့ နဘေးနားမှာ၊ ငါမရောက်တာ အတော်ကြာခဲ့ပြီ၊
ငါ့ကို ခွင့်မလွှတ်ချင်ပါနဲ့
ဧရာဝတီ မင်းငါ့ကို ခွင့်လွှတ်စရာ မလိုဘူး၊
ငါဟာ မင်းကို မချစ်လို့
စွန့်ခွာခဲ့တာ မဟုတ်ဘူး ဆိုတာတော့ မင်းသိပါတယ်၊
စဲန်းမြစ်ဘဲဖြစ်ဖြစ်
သိမ်းမြစ်ဘဲဖြစ်ဖြစ် ရိုင်းတို့ မိုင်းတို့ ရွန်းတို့ ဒန်ညုတို့ဆိုတာ
မင်းနဲ့ယှဉ်လိုက်ရင်
အသေးအဖွဲပါကွာ၊
အဲဒီ မြစ်ကလေးတွေ
(မင်းနဲ့ယှဉ်ပြီးတော့ပေါ့ကွာ) နဘေးနား
သူတို့တတွေရဲ့ ရေးစီးသံတွေကို
ငါသွားသွား နားထောင်မိတယ်ကွ၊
သူတို့တတွေက မြို့ကြီးပြကြီးနားမှာမို့
ထင်တယ်၊
သူတို့ရဲ့ အသံတွေက
တိုးတိုးလေးတွေကွ၊
ငါကတော့ မင်းရဲ့အသံကိုဘဲ
ကြားယောင်တာပေါ့ကွာ၊
မင်းရဲ့ သီချင်းညည်းသံတွေကို
ကြားယောင်တာပေါ့၊
မင်းရဲ့ တခါတခါ သဘောကောင်းပြီး
စိတ်ကောင်းဝင်ချိန် ကျေးလက်သီချင်းတွေနဲ့
တငြိမ့်ငြိမ့် အသံမျိုးတွေရော
မင်းရဲ့စိတ်တိုပြီး ဒေါသတကြီးအော်သံ တဝုန်းဝုန်း
တဒိုင်းဒိုင်းသံဖြစ်ဖြစ်
ဘာသံဖြစ်ဖြစ် ရေစီးသံဖြစ်ဖြစ် လှိုင်းပုတ်သံဖြစ်ဖြစ် ငါ လွမ်းတယ်ကွာ၊
မင်းဟာ ဇရာထောင်းလာပြီး
အိုမင်းလာပေမယ့် တက်ကြွနေတုန်း ဆိုတာတော့ ငါသိတယ်ကွ၊
ဒါပေမယ့်ကွာ မင်းရဲ့အနားမှာ
ရှိနေတဲ့ အတ္တအမားတချို့နဲ့ ဘနဖူးသိုက်တူးတတ်သူ
တချို့ကြောင့် မင်းလည်း
ယိုင်နဲ့နဲ့ ဖြစ်နေတယ်ကြားတော့ ငါ စိတ်မကောင်းဘူးကွာ၊
ဒီလိုကောင်မျိုးတွေကို
မင်းသတိထားပါ သူငယ်ချင်း၊
ဒီကောင်တွေဟာ အပြောချိုချိုနဲ့
ရက်စက်တတ်တယ်ဆိုတာ မင်းက ငါ့ထက်နားလည်မှာပါကွာ၊
သူတို့နဲ့ မင်းနဲ့က
အမြဲတမ်း တွေ့နေကြတာ မဟုတ်လား၊
မိချောင်းမင်းကို
ရေခင်းပြတာ မဟုတ်ဘူးနော်၊
မင်း ငါ့ထက် အသက်ကြီးတယ်ဆိုတာ
ငါသိတာပေါ့၊
ဒါပေမယ့် မင်းအသက်
ဘယ်လောက်လည်း ငါမေးတော့ မင်းမဖြေခဲ့ဘူးလေကွာ၊
ငါကတော့ ငယ်ငယ်ထဲက
မင်းနဲ့ အတူ ကစားလာရတော့ မင်းက ငါ့သူငယ်ချင်းလို ဖြစ်ခဲ့ရလို့ပါကွာ၊
ငါချစ်တာမင်းကွ မင်းနဲ့
ပတ်သက်ပြီး မင်းတို့မောင်နှမတွေ
ချင်းတွင်းတို့ စစ်တောင်းတို့
သံလွင်တို့ကိုလည်း ငါချစ်တာပေါ့၊
မင်းတို့နဲ့ အနေဝေးနေပေမယ့်
မင်းတို့အကြောင်းတွေတော့ ငါ အမြဲ နားစွင့်နေတာပါ၊
တော်ပြီကွာ နောက်များမှ
ဆက်ရေးတော့မယ်၊
ရိုင်းရဲ့အလှ
သဘာဝ မကျတကျ (ဓါတ်ပုံ
မရငတ)
ဂျာမဏီနိုင်ငံ
Bonn ဘွန်းမြို့တော်ဟောင်းအနားက ရိုင်းရဲ့အလှ (ဓါတ်ပုံ မရငတ)
ငါ ဒီစာကိုရေးနေတာ
ရိုင်းမြစ်နဘေးနားမှာကွ၊
သူကတောင် မင်း ကျန်းမာပါစေလို့
ဆုတောင်းပေးနေသေးတယ်၊
ဒါဘဲကွာ၊
မင်းရဲ့ ထာဝရ (မရငတ)
…..၊ ။။။။။။
{လွန်ခဲ့တဲ့နှစ် ရိုင်းမြစ်ကမ်းဆီ
ရောက်ခဲ့စဉ်က ရေးခြစ်ထားမိတာကို ဖြတ်ညှပ်ကပ်ပြီး တနှစ်ပြည့်နဲ့ ပြင်သစ်ပြည်ရောက်တာ
၁၃ နှစ်ပြည့် အမှတ်တရအဖြစ် တင်လိုက်ပါတယ်၊ မရငတ ၀၇၀၄၂၀၁၄}
ရိုင်း
The Rhine River
{Romansh:
Rain; German: Rhein; French: Rhin;
Dutch: Rijn is a European river.}
မောင်ရင်ငတေ ၀၇၀၄၂၀၁၄
http://moemaka.com/archives/36853 ဧပြီ ၁၀၊ ၂၀၁၄
Aucun commentaire:
Enregistrer un commentaire