Libellés

Archives du blog

mercredi 18 février 2015

* ** ဘီကေကေအစုန်အဆန် ** *

ခရီးသွားခြင်း အနုပညာ (နှစ်ဆယ်ကျော်အလွမ်း)

ဘီကေကေအစုန်အဆန် (လေယာဉ်စီး၍ ခရီးနှင်မယ်)

ကီလိုချိန် နှစ်သိန်းခုနှစ်သောင်းခွဲကျော် အလေးချိန်စီးတဲ့ အေ ၃၈၀-၈၀၀       (ဓါတ်ပုံ မရငတ) 

PARIS-DOHA-BANGKOK     (ဓါတ်ပုံ မရငတ)
ကီလိုမီတာ တသောင်း မိုင်အားဖြင့် ခြောက်ထောင်ခန့် ဝေးပါတဲ့ ပါရီ ဒိုဟာ ဘန်ကောက်ခရီးပါ၊

မောင်ရင်ငတေ တယောက် မရောက်တာ ကြာပြီဖြစ်တဲ့ ဘန်ကောက်ခရီးစဉ်ကို လေးလ ကြိုတင်ပြီး
စီစဉ်ဖြစ်ခဲ့ပါတယ်၊ အမှန်တကယ်ကတော့ ကြိုတင်ပြင်ဆင်ရခြင်းဆိုတဲ့ ကိစ္စကြီးကို မောင်ရင်ငတေ
သိပ်မကြိုက်နှစ်သက်ပါဘူး၊ လုပ်လေ့လုပ်ထလည်း သိပ်မရှိပါဘူး၊

ဒါပေမယ့် ငွေကြေး မပြည့်စုံတဲ့ မောင်ရင်ငတေတယောက်ကတော့ ဥရောပမှာ ခရီးထွက်မယ်ဆိုရင်
ကြိုတင်ပြီး ဝယ်ထားနိုင်ခါမှ တော်ကာကျတဲ့ ရထားလက်မှတ် ကားလက်မှတ် လေယာဉ်လက်မှတ် 
ဈေးနှုန်း သတ်မှတ်ပုံတွေကြောင့် ကြိုမလုပ်ချင်ပေမယ့် ကြိုတင်လုပ်ခဲ့ရတာချည်ပါ၊

အဲသလို လေးလကြိုတင် ဝယ်ဖြစ်ခဲ့တဲ့ ကာတာလေယာဉ် လက်မှတ်ခက အသွားအပြန်ကိုမှ ၅၁၂
ယူရို ကျသင့်ခဲ့တာပါ၊ အခုလောလောဆယ်မှာ ပါရီကနေ ဘန်ကောက်ကို ဈေးအသက်သာဆုံး
လေကြောင်းလိုင်းကတော့ အဲယားအိန္ဒိယပါ၊ အိန္ဒိယလေကြောင်းက အခုဆိုရင် အတော်တိုးချဲ့လို့
လာနေတာ တွေ့ရပါတယ်၊ နိုင်ငံတကာမှာ နာမည်ကောင်းရမှုကတော့ သိပ်မရှိသေးပါဘူး၊

တရုတ်လိုင်းတို့ ဗီယက်နမ်လိုင်းတို့ သီရိလင်္ကာလိုင်းတွေကတော့ များပြားလှတဲ့ သူတို့လူမျိုးတွေက
ပြင်သစ်ပြည်မှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြတာကြောင့် အသွားအပြန်လည်း တစတစ
များပြားလာတာကြောင့် လက်မှတ်ဈေးနှုန်းတွေလည်း ပိုမို မြင့်တက် ဈေးကြီးလို့ လာနေပါပြီ၊

နာမည်ကြီးနေတဲ့ Emirates လေကြောင်းကလည်း လေယာဉ်အသစ်တွေ ဝယ်တာများသွားလို့ 
ထင်ပါရဲ့ … ….. လျှော့ဈေး ပေါ့ဈေး သိပ်မတွေ့ရဘူး ဖြစ်နေပါတယ်၊

နောက်တချက်က ပါရီကနေ ထိုင်းကို ဘန်ကောက်ကို တိုက်ရိုက်ပြေးဆွဲတဲ့ Air France ကလည်း 
ဘာ ဝန်ဆောင်မှုမှ ထူးထူးခြားခြား ကောင်းတာ မဟုတ်ပါဘဲနဲ့ ဈေးကကြီးမြဲပါ၊

ထိုင်းလေကြောင်းက ဈေးကတော့ နည်းနည်းကြီးပေမယ့် ဘန်ကောက်ကို တိုက်ရိုက်ရောက်တာမို့ 
အရင်အခေါက်တွေက ရွေးချယ်စီးခဲ့ဖူးပေမယ့် အရင်တုန်းက လူတယောက်ကို သတ်မှတ်ပစ္စည်းက 
ကီလိုချိန် ၃၀ ကီလိုထိ ရခဲ့ပေမယ့် အခုတော့ တယောက်ကို ၂၃ ကီလိုသာ ရပါတော့တယ်၊

လက်ဆောင်ပစ္စည်းတွေ တပွေ့တပိုက်နဲ့ ပြန်လာမယ့် မောင်ရင်ငတေ အတွက်ကတော့ ၂၃ 
ကီလို ဆိုတာ နည်းပါးလွန်းလှပါပေတယ်၊ ဒါတောင်မှ အားမနာ လျှာမကျိုး လူကြုံပစ္စည်း
ပေးတတ်တဲ့ သူတွေနဲ့ ရန်ဖြစ်ထားလို့ ကံကောင်းတယ် ပြောရပါမယ်၊

(သူတို့တတွေက ပေးတာမှ လေးငါးကီလို ပေးတတ်တာနော့၊ အဲတော့ ရှောင်တတ်မှ တော်ကာကျ မှာလေ၊
တချို့တွေဆိုရင်များ လက်မနှစ်ဆယ်ဆိုဒ် တီဗွီတလုံးစာလောက်ကို လူကြုံပါးတတ်ကြပါ သေးတယ် … ဗျာ၊) 

ဒါပေမယ့် ကံကောင်းတယ် ဆိုရမလား၊ မောင်ရင်ငတေကို အမြင်ကပ်လို့များလား၊
လူကြုံပေးမယ့်သူတွေ မသိလို့များလား မသိပါဘူး၊ ကိုယ့်ပစ္စည်းကိုယ်သာ သယ်သွားခဲ့ရပါတယ်။

Qatar Airways (Début des Opérations 1994)               (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ လေယာဉ်လက်မှတ်ဖိုးကို တကျပ်တပြား သက်သာရင်လည်း မနည်းပါဘူး ဆိုတဲ့ ထုံးကို 
နှလုံးမူပြီးတော့ အင်တာနက်တခွင် ပြဲပြဲစင်အောင် လိုက်ရှာလိုက်တဲ့ အခါမှာ . . … …. … … ….. ..
နောက်ဆုံမတော့ မောင်ရင်ငတေ့အတွက် အမှန်တကယ် အစဉ်အပြေဆုံးသော လေကြောင်းလိုင်း 
အရှေ့အလယ်ပိုင်းဒေသက ကာတာလေကြောင်းလိုင်းကို သွားတွေ့ခဲ့ရတာပါ၊

မောင်ရင်ငတေရဲ့ အမြင်ကတော့ ကာတာလေကြောင်းဟာ အခုအချိန်မှာ လျှော့ဈေးပေါ့ဈေးပေးပြီး
ဥရောပနဲ့ အာရှကြား လေယာဉ်လက်မှတ် ဈေးနှုန်းတိုက်ပွဲမှာ ဝင်ကစားနေတယ် ထင်မိပါတယ်၊

ဟိုအရင် သွားခဲ့စဉ်က ထိုင်းတို့ မလေးလေကြောင်းလိုင်းတို့နဲ့ တိုက်ရိုက်ဆိုသလို သွားခဲ့ဖူးပြီးတော့ 
ဒီတခေါက်မှာမှ ကာတာကိုစီးဖြစ်ခဲ့တာပါ၊ လေကြောင်းလိုင်းတွေရဲ့ ထုံးစံအရ သူ့နိုင်ငံသူမြေကိုသာ 
တိုက်ရိုက် သွားလေ့ရှိတာကြောင့် တရုတ်လိုင်းတွေ ဗီယက်နမ်လိုင်းတွေကို စီးသွားရင် ခရီးမိုင် ပိုပြီး
စီးရသလို ဖြစ်တာကြောင့် ဈေးချင်းတူရင် ခရီးတထောက် နားရတာတူရင် မောင်ရင်ငတေကတော့ 
ကိုယ်သွားမယ့် ခရီးရဲ့အလယ်မှာ တထောက်နားတာက ပိုသဘာဝကျတယ်လို့ ထင်မိပါတယ်၊ 

အဲဒီ အချက်တွေကြောင့် ကာတာ လေကြောင်းလိုင်းကို ရွေးချယ်ခဲ့ရ ပါတယ်၊ ဈေးနှုန်းကလည်း 
သူ့အိုးနဲ့ သူ့ဆန် တန်ရုံနဲ့ ရတော့လည်း မရွေး၍မရ ဒါဟာ အကောင်းဆုံးဆိုပြီး ရွေးဖြစ်ခဲ့ရတာပါ။

ဒီခရီးမှာ ကာတာလေယာဉ် အမျိုးအစား သုံးမျိုးကို စီးခဲ့ရပါတယ်၊ အသွားခရီးမှာ စီးခဲ့တာကတော့ 
Airbus A340-600 နဲ့ Boeing 777-300 ER တို့ဖြစ်ကြပြီး အပြန်လမ်း ခရီးစဉ် နှစ်ပိုင်းစလုံးမှာတော့ 
A380-800 လေယာဉ်သစ်ကြီးတွေကို စီးခွင့်ရခဲ့ပါတယ်၊
ကီလိုမီတာ ငါးထောင်နီးပါးခန့်ရှိပြီး မိုင်အားဖြင့် သုံးထောင်တရာလောက်ကွာဝေးတဲ့ ပါရီက ဒိုဟာ 
အသွားခရီးအစမှာ စီးခဲ့ရတဲ့ A340-600 အဲယားဘတ်စ်ကြီးကတော့ နည်းနည်းဟောင်းနေပြီ ဖြစ်ပြီး 
ဒိုဟာက ဘန်ကောက် ကီလိုမီတာ ငါးထောင့်သုံးရာကိုတော့ စီးခဲ့ရတာ ဘိုးရင်း 777-300ER ပါ၊

ဒီလေယာဉ် အမျိုးအစား နှစ်ခုစလုံး အရွယ်အစားက သိပ်မကွာပေမယ့် ခရီးသည် ဆန့်တာကတော့ 
777-300 ER က ပိုဆန့်ပါတယ်၊ A340-600 က ၂၀၀၂ ခုနှစ်မှ ပျံသန်းခြင်းတွေ စတင်ခဲ့တာဖြစ်ပြီး 
ဘိုးရင်း 777-300 ER ကတော့ ၂၀၀၄ ခုနှစ်မှာ အဲယားဖရန့်က စတင်ပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်၊

အဲဒီနေရာမှာ မောင်ရင်ငတေသွားပြီး သတိထားမိတာ တခုကတော့ အဲယားဘတ်စ် လေယာဉ်တွေ 
အများအပြား ထုတ်လုပ်နေတဲ့ ပြင်သစ်ပြည်ရဲ့ အဓိကလေကြောင်းလိုင်းကြီးမှာ အမေရိကန်ဘိုးရင်း
လေယာဉ်တွေကိုလည်း များပြားစွာ အသုံးပြုနေတာကိုပါ၊ အဲယားဖရန့်ရဲ့ အစင်းရေ သုံးရာ့ငါးဆယ်
ကျော်ရှိတဲ့ လေယာဉ်အကြီးအသေးတွေထဲမှာ အမေရိကန်ဘိုးရင်းတွေ ခုနှစ်ဆယ်ကျော် ရှိပါတယ်၊

ထိုင်ခုံပေါင်းသုံးရာကျော်ဆန့်တဲ့ A340 ထုတ်လုပ်ခြင်းကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပြီး Extra Wide 
Body အမျိုးအစား A350 လေယာဉ်ပုံစံကို ပြောင်းလဲ တည်ဆောက်ဖို့ အဲယားဘတ်စ် ကုမ္ပဏီက 
စိုင်းပြင်းခဲ့တာ ဖြစ်ပါတယ်၊ ခရီးသည် အယောက်ပေါင်း သုံးရာ့ရှစ်ဆယ်လောက်အထိ စီးနင်းနိုင်တဲ့ 
777-300ER ဘိုးရင်းလေယာဉ်တွေကတော့ ဆက်လက်ပြီး ထုတ်လုပ်နေဆဲ အဝယ်လိုက်နေဆဲပါ။

မောင်ရင်ငတေတို့ နိုင်ငံခြားဆိုတာကြီးကို စတင် မြည်းစမ်းချိန်မှာ စီးဖူးချင်လှပါတဲ့ တချိန်တုန်းက 
နာမည်ကြီးခဲ့တဲ့ Boeing 747-400 အမျိုးအစားကတော့ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ ဆက်လက်ပြီး 
မထုတ်လုပ်တော့ပါဘဲနဲ့ သူ့နောက်ကို ဆက်ခံခဲ့တဲ့ Boeing 747-8 ကလည်း ဘာကြောင့်ရယ်မသိ 
နာမည်ကြီးလို့ မလာသလို လူ နှစ်ရာ့ငါးဆယ် ကျော်ကျော်သာ စီးနိုင်တဲ့ Boeing 787 Dreamliner
တွေနဲ့ အစားထိုးဖို့ ကြိုးစားသော်လည်း ထင်သလောက် ဖြစ်မလာဘူး ဆိုကြပါတယ်၊ 

အဲဒါကြောင့် အခုလောလောဆယ် ဘိုးရင်းလေယာဉ်တွေမှာ လက်ကျန် ဆဲဗန်းဖိုးဆဲဗန်း လေယာဉ်တွေ
ကလွဲလို့ ကျန်သော ဘိုးရင်းတွေမှာ လူလေးရာကျော် စီးနိုင်တဲ့ လေယာဉ်တွေ မရှိဘူးလို့သာ ဆိုရပါမယ်၊

ဆဲဗန်းဖိုးဆဲဗန်း လေယာဉ်ကြီးတွေ ခင်ဗျာမှာလည်း အာဖရိက တောနက်ထဲမှာနဲ့ ပြတိုက်တွေဆီကို
တဖြေးဖြေး ပြောင်းရွှေ့လို့ သွားနေပါပြီ။ ဘယ်လောက်နာမည်ကြီးကြီး နောက်ဆုံးတော့ တာ့တာပါ။

Qatar Airways Airbus A380-800 Vs Boeing 777-300ER           (ဓါတ်ပုံ မရငတ)

အဲသလိုနဲ့ ခွန်သုံးလုံး လေယာဉ်ကြီးတွေက အမေရိကန်ဘိုးရင်းရဲ့ စူပါစတားတွေ ဖြစ်လာပါတယ်၊
အခုလို ခွန်သုံးလုံးက အမေရိကန်ဘိုးရင်းရဲ့ စူပါစတား ဖြစ်နေသော်လည်း အဲဒီ ဘိုးရင်း ခွန်သုံးလုံး 
လေယာဉ် အမျိုးအစားတွေထဲက မလေးရှား လေကြောင်းပိုင် ဘိုးရင်း 777-200ER လေယာဉ်တစီး 
သွားနေရင်း ဘယ်ဆီ ရောက်သည်မသိ ပျောက်ဆုံးခဲ့ရသလို နောက်တစီးကလည်း အပစ်ချခံရပြီး 
ပျက်ကျမှုတွေ ဖြစ်ခဲ့ရတာကတော့ ဘိုးရင်းခွန်သုံးလုံးနဲ့ မလေးရှားလေကြောင်းတို့ အတွက်တော့ 
ထာဝရ ထင်ကျန်နေတော့မယ့် အမည်းစက်ကြီးတွေပါ၊ ဒါပေမယ့်လည်း မောင်ရင်ငတေ စီးခဲ့ရတဲ့ 
777-300ER လေယာဉ်တွေကတော့ ဘာ အမည်းစက် တခုမှ မရှိသေးပါဘူးလို့ ဆိုကြပါတယ်၊

ဒီနေရာမှာ ပြောရမှာက ခွန်သုံးလုံး လေယာဉ် ဆိုပေမယ့် လေယာဉ်ချင်းက မတူပါဘူး၊ အမျိုးအစား 
နည်းနည်းကွဲပါတယ်၊ မောင်ရင်ငတေ စီးခဲ့တာက ခွန်သုံးလုံး-သုံးရာအီးအာရ်ပါ၊ ပျောက်ဆုံးပျက်ကျ 
သွားခဲ့တဲ့ လေယာဉ်တွေက ခွန်သုံးလုံး-နှစ်ရာအီးအာရ်ပါ၊ တော်သေးတယ်လို့ ဆိုရပါမယ်၊ 

အီးအာရ် နှစ်ရာနဲ့ သုံးရာ ကွာနေပေလို့သာပေါ့၊ ဘာပြောပြောပေါ့လေ၊ လေယာဉ်စီးရမှာကို ကြောက်
တတ်တဲ့ မောင်ရင်ငတေရဲ့ အသွားခရီးမှာစီးခဲ့ရတဲ့ အေသုံးရာ့လေးဆယ်-ခြောက်ရာကော ခွန်သုံးလုံး
-သုံးရာ အီးအာရ်  ခရီးစဉ် နှစ်ခုစလုံး  အစဉ်ပြေပြေ ချောချောမွေ့မွေ့ အောင်မြင်စွာ စီးခဲ့ရပါတယ်၊

အသွားခရီး ပါရီ ရှားလ်ဒဂိုးလ်း လေဆိပ်က စထွက်တာက ညကိုးနာရီဆိုတော့ လမ်ခရီးတလျှောက်
ညမှောင်မှောင်မှာ ဘာကိုမှ မမြင်ရလို့ မောင်ရင်ငတေတယောက် ထိုင်ခုံရှေ့က တီဗွီမှန်သားပြင်ကို
ကြည့်ရင်း အချိန်ကုန်ခဲ့ရပါတယ်၊ ဒိုဟာလေဆိပ်ကို ဆင်းတော့ မနက် မိုးလင်းလုပါပြီ၊

Doha Hamad International Airport        (ဓါတ်ပုံ မရငတ)

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလကုန်ကမှ အမှန်တကယ် စတင်ဖွင့်လှစ်ခဲ့တဲ့ ဒိုဟာမြို့တော်ရဲ့ 
Hamad International Airport ကတော့ လေယာဉ်အကူးအပြောင်းလုပ်ကြသူ ထရန်စစ်
သမားတွေ ရာနှုန်း ၇၀ ကျော် ရှိတယ်ဆိုပါတယ်၊ ကာတာနိုင်ငံထဲကို ဝင်ရောက်ကြသူများက 
အလုပ်လုပ်ဖို့ လာကြသူ  အများစုသာ ဖြစ်ကြပါတယ်၊ 

အလုပ်အကိုင်တွေကတော့ အဆင့်မြင့်အလုပ်မျိုးဆိုတာထက် သာမန် အလုပ်မျိုးတွေသာ လာရောက်
လုပ်ကြရတဲ့သူတွေက များလိမ့်မယ်ဆိုတာကိုတော့ ကာတာနိုင်ငံ အတွင်းထဲ ဝင်ရောက်ကြည့်ဖို့ 
လိုအပ်လိမ့်မယ် မထင်ပါဘူး၊ ကာတာလေဆိပ်မှာ လေ့လာကြည့်ရုံနဲ့ သိသာလှပါတယ်၊ 

ကာတာလူမျိုး နှစ်သန်းကျော်ကတော့ သူတို့ရဲ့ ရေမြေတွေက ထွက်ရှိတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို 
ရောင်းချရငွေတွေကနေ ထောက်ပံ့မှုတွေရနေတာကြောင့် အလုပ်လုပ်စရာ ကောင်းကောင်း မလိုအပ် 
ထိုင်စားနေကြသူတွေ များပြားလှပါတယ်တဲ့၊ 

မောင်ရင်ငတေတယောက် ပြင်သစ်နေလို့ အားမရနိုင် ကာတာပြောင်းနေမလား စဉ်းစားမိရတော့ 
ငါးလီတာငါးကျပ်နှုန်းလောက် ပေးသောက်လို့ရတဲ့ ပြင်သစ်ရဲ့ နှစ်ချို့ဝိုင်မျက်နှာကို ထောက်မိရလို့ 
ဆက်မစဉ်းစား ဖြစ်တော့ပါဘူး၊ 

မောင်ရင်ငတေတို့ဆီက အဲဒီဓါတ်ငွေ့ဆိုတာကြီးကတော့ ချက်အရက်ချက်ရင်းနဲ့ ကုန်သွားလေလား 
ဒါမှမဟုတ် မီးတွေရှို့ပစ်နေတုန်းလား …. မြေရှိုးလို့ မိုးယံသို့ ပျံသွားလေသလား … …. သြော် . .. …. 
.. ….  …… ဒါလည်း . .. …. . .. … …  မစဉ်းစားတာ ကောင်းပါလေရဲ့ . .. . … ….. . …. ….. ၊


ဒိုဟာလေဆိပ်က တညလုံးလိုလို လေယာဉ်အဆင်းအတက် ရှိနေတာကို တွေ့ရှိနေရပြီး လေယာဉ် 
အကူးအပြောင်း ညအိပ်စောင့်သူ ထရန်စစ်သမားတွေကလည်း များပြားလှတာမို့ လေဆိပ်ထဲမှာ 
တညလုံးလိုလို လူစည်ကား နေတာပါ၊ 

ထိုင်ခုံ တန်းလျှားတွေမှာ ငုတ်တုတ်ထိုင် ငိုက်မျဉ်းနေသူတွေ အများအပြားပါ၊ ဒိုဟာလေဆိပ်ရဲ့ ဂျူတီ
ဖရီးဆိုင်ကတော့ ဈေးဝယ်လို့မဆိုးလှပါဘူး၊ ဈေးနှုန်းသင့်ပြီး ရွေးချယ်စရာ အမျိုးအစား ပေါပါတယ်၊ 

တခုရှိတာကတော့ ဈေးဘာဝယ်ဝယ် ရေတဗူး ဝယ်သောက် မယ်ဆိုရင်လည်း မောင်ရင်ငတေတို့လို 
ယူရိုငွေသမားတွေက ယူရိုငွေပေးလိုက်တိုင်း ကာတာရီရယ် ပိုက်ဆံနဲ့ အမေရိကန်ဒေါ်လာကိုသာ 
ပြန်အမ်းတာမို့ ထရန်စစ်မှာ ကြာကြာနေရမယ်ဆိုရင် ဒေါ်လာ ကျပ်တန်တို့ ငါးကျပ်တန်တို့ အသင့်
ဆောင်သွားသင့်ကြောင်းပါ၊

Dawlaṫ Qatar (State of Qatar)                (ဓါတ်ပုံ မရငတ)

Qatar ဆိုတာကတော့ Persian Gulf ထဲက ရေနံသူဋ္ဌေး နိုင်ငံလေး တနိုင်ငံပါ၊ ပါရှန် ပင်လယ်ကွေ့ 
ဆိုတာက ရေနံတွေဓါတ်ငွေ့တွေ ထွက်ရှိရုံမျှမက သဘာဝသယံဇာတ ပေါများလှတဲ့ ရေပြင်ကြီးတခု 
ဖြစ်ခဲ့သော်လည်း အခုအခါမှာတော့ ဒီလိုရေနံ ထုတ်လုပ်ရောင်းစားခဲ့ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ
ပြန်လည်လို့ ခံစားနေရပြီဖြစ်ပြီး ဆေးကုသဖို့ မနည်းပြန်လုပ်နေရတဲ့ ရေနံပင်လယ်ပြင်ကြီး တခုပါ။

ကာတာနိုင်ငံက ကျယ်လှတာ မဟုတ်ပါဘူး၊ ၁၁၅၈၆ စတုရန်းကီလိုမီတာ ၄၅၀၀ စတုရန်းမိုင် နီးပါး
မျှသာ ကျယ်တာပါ၊ မောင်ရင်ငတေတို့ရဲ့ရွှေတိုင်းပြည်ကြီးက အသေးဆုံးသော ပြည်နယ်တခုဖြစ်တဲ့ 
ကယားပြည်နယ်ထက်တောင်မှ အနည်းငယ် (၄၀ စတုရန်မိုင်ခန့်) သေးငယ်ပါသေးတယ်။

ကာတာကို ပါရီမြို့နဲ့ နှိုင်းယှဉ်ပြီး ပြောရမယ် ဆိုရင်တော့ Île-de-France (Grand Paris) ခေါ် ပါရီ
မေထရိုပိုလီတန်နယ်မြေထက် (၁၅၀ စတုရန်မိုင်ခန့်) ပိုပြီးကျဉ်းမြောင်းပါတယ်၊ Île-de-France မှာ 
စုစုပေါင်း ၁၂ သန်းခန့် နေထိုင်ပြီး ကာတာနိုင်ငံမှာတော့ လူဦးရေက နှစ်သန်းကျော်ခန့် ရှိပါတယ်၊ 
ကယားပြည်နယ်မှာတော့ နှစ်သိန်းခွဲကျော်သာ နေထိုင်တာမို့ အဆပေါင်းများစွာ ကွာကြပါတယ်။

ကာတာရဲ့ ချမ်းသာမှုကတော့ လူတဦးချင်းဝင်ငွေ ဂျီဒီပီဆိုတာက တယောက်ကို ဒေါ်လာ တသိန်း 
နီးပါး ရှိနေတာကြောင့် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံတွေရဲ့ ထိပ်ဆုံးက နိုင်ငံ တနိုင်ငံပါ။

ဒါကြောင့် ကာတာနိုင်ငံရယ် ကယားပြည်နယ်နဲ့ Grand Paris တို့က အကျယ်အဝန်း အတူတူနီးပါး 
ရှိလို့ နိုင်ငံရေး လူမှုရေး စီးပွားရေး အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ဖို့ ကောင်းလှကြောင်းပါ။

ဒိုဟာကို အမြင့်ပေ တသောင်းကျော် အဝေးက မြင်တွေ့ရပုံ                          (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့အမြင်အရ ကာတာရဲ့ မြို့တော် ဒိုဟာမှာရှိတဲ့ မိုးမျှော်တိုက်မြင့်ကြီးတွေက 
ပါရီက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ရုံးချုပ်များရှိရာ La Défense ရပ်ကွက်သစ်ကြီးနဲ့ 
အလား သဏ္ဌာန် တူညီလှပြီး ကျန်တဲ့ ဒိုဟာမြို့ အပိုင်းကတော့ ကန္တာရပီပီ ရွှံ့နှစ်ရောင် အုတ် 
တိုက်ပုများနဲ့ ကန္တရရောင် မြေကြီးတွေကိုသာ တွေ့မြင်ရကြောင်းပါ၊ လေယာဉ်ပေါ်ကနေ မြင်တွေ့ခဲ့ရတဲ့ 
အမြင်ပါ။

တကယ်တမ်းတော့ Qatar Airways ဆိုတာကလည်း . .. …. ..  … . ………….. သိပ်မကြာခင်ကမှ
နာမည်ကြီးလာတာဖြစ်ပြီး  … .. မနေ့တနေ့လို့ ပြောလို့ရမယ့် (၁၉၉၄ ခုနှစ်ကမှ) ပေါ်ပေါက်လာတဲ့

နောက်ပေါက် ရွှေကြာ လေကြောင်းလိုင်း တလိုင်းသာပါ၊


(ဓါတ်ပုံ မရငတ)
ဒီလောက်ချမ်းသာတဲ့ နိုင်ငံတနိုင်ငံက တည်ထောင်ခဲ့တဲ့ လေကြောင်းလိုင်းတခုက အချိန်တိုလေး 
အတွင်းမှာ တိုးတက်အောင်မြင်လာတာကတော့ မဆန်းကျယ်လှပါဘူးလို့ ပြောရင်လည်း ရပါတယ်။

လေယာဉ် အကြီးအသေး အစင်းသုံးရာကျော် အော်ဒါ မှာထားဆဲဖြစ်ပြီး အဲဒီထဲမှာမှ ခရီးဝေးပြေးဆွဲ
နိုင်တဲ့ လေယာဉ်ကြီး အစင်း နှစ်ရာကျော် ပါဝင်ပြီး Boeing 777 နဲ့ 787 တို့လို Airbus A380-800 
တို့လို လေယာဉ်တွေရယ် အဲယားဘတ်စ်ရဲ့ နောက်ဆုံးပေါ် Airbus A350 XWB (Extra Wide Body) 
အမျိုးအစား A350-800၊ A350-900၊ A350-1000 အစင်း ရှစ်ဆယ်ကျော် ပါဝင်ပါတယ်။

အဲဒီ A350-900 အဲယားဘတ်စ်လေယာဉ်ကို ပထမဆုံး စတင်သုံးမှာကတော့ ကာတာလေကြောင်း
 ဖြစ်ပြီး အခုနှစ် ဇန္နဝါရီလ ၁၅ ရက နေ့ကစပြီး ဒိုဟာ ဖရန့်ဖွတ် ခရီးစဉ်ကို ပြေးဆွဲမှာ ဖြစ်ကြောင်းပါ၊

အဲဒါကြောင့် အခု ၂၀၁၀ ခုနှစ် နောက်ပိုင်း ကာလတွေမှာ ဥရောပကနေ အာရှကို သွားမယ်ဆိုရင် 
အဓိကထား ရွေးချယ်ရမယ့် လေကြောင်းလိုင်းတွေထဲမှာ နံပတ်တစ် ဖြစ်လာတာကတော့ Qatar 
Airways ကာတာ လေကြောင်းလိုင်းလို့သာ ဆိုရပါတော့မယ်။

ဒေသတွင်းက သူလိုချမ်းသာတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံရဲ့ Emirates လိုင်းကို အချိန်တို
အတွင်း ပြိုင်ဆိုင်လာနိုင်တာကတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Emirates Airline ကိုတော့ မမီနိုင်သေးပါဘူး၊ Emirates က အခုလက်ရှိ နောက်ဆုံးပေါ်
လေယာဉ်များဖြစ်တဲ့ ပြင်သစ်ရဲ့ အဲယားဘတ်စ် Airbus A380-800, A340-500 တို့ အမေရိကန် 
Boeing 777-300 ER တို့ Boeing 747-8I တို့ အများအပြား ပိုင်ဆိုင်ထားတဲ့ လေကြောင်းလိုင်းပါ။

မကြာခင် တလောကမှ ယူရိုငွေ သန်းလေးရာကျော် ပေးရတဲ့ A380-800 လေယာဉ်ကို အစင်းရေ 
ငါးဆယ်မြောက်အဖြစ် ဝယ်ယူပြေးဆွဲနိုင်နေပြီ ဖြစ်ပါတယ်၊ ၁၉၈၅ ခုနှစ်ကုန်ခါနီးမှာ စတင်ပြီး တည် 
ထောင်ခဲ့တဲ့ အမ်းမရိတ်လေကြောင်းလိုင်းမှာတော့ အခုအခါ စုစုပေါင်း လေယာဉ်ကြီး အစင်းပေါင်း 
နှစ်ရာကျော်နဲ့ နိုင်ငံပေါင်း ၈၀ ကျော်ဆီသို့ ပြေးဆွဲနေတာပါ၊ 

အချိန်တိုတို အတွင်းမှာ အမေရိကန် အဲယားလိုင်းများ ဂျာမဏီရဲ့ လုဗ်သန်ဇာတို့ နယ်သာလန်ရဲ့ KLM တို့ကို ယှဉ်ပြိုင်နိုင်ခဲ့တာကတော့ ရေနံရောင်းရတဲ့ ငွေတွေကြောင့်သာ ဖြစ်မှာပါ၊ 

ရေနံသူဋ္ဌေး နိုင်ငံတွေဟာ ဥရောပနဲ့ အာရှခရီးစဉ်မှာ လမ်းခုလတ်နေရာ အချက်အချာမှာ တည်ရှိနေ
တာကလည်း အကြောင်းတချက်ပါ။


A380-800 လေယာဉ်ကြီးလေးစင်း Boeing 777 ၅၀ စင်းခန့်သာရှိတဲ့ ကာတာလေကြောင်းကတော့ 
A380-800 လေယာဉ်အစင်း ၅၀ Boeing 777 လေယာဉ်အစင်း ၁၅၀ ခန့် ရှိတဲ့ သူ့ထက် ဆယ်နှစ်ကြီးတဲ့ အမ်းမရိတ်လေကြောင်းကို ပြိုင်ဆိုင်ဖို့  ကြိုးစားနေပေမယ့် အနိုင်ရဖို့ကတော့ လိုပါသေးတယ်။

ပေတသောင်းခွဲကျော် အမြင့်ဆီက တွေ့မြင်ရပါတဲ့ ပါရှန်းပင်လယ်ပြာ                (ဓါတ်ပုံ မရငတ)

ဒိုဟာကနေ ဘန်ကောက်ခရီးမှာတော့ လေယာဉ်ထွက်ချိန်က မနက်ရှစ်နာရီခွဲ ဖြစ်တာက 
တကြောင်း ရာသီဥတု သာယာတာကတကြောင်း ပြူတင်ပေါက်ဘေးမှာ နေရာရတာက
တကြောင်း . .. …. . … မောင်ရင်ငတေရဲ့ စိတ်ကြိုက်ခရီးစဉ် ဖြစ်လာခဲ့ရပါတယ်။


ခရီးလမ်းကြောင်းကတော့ …… ဒိုဟာလေဆိပ်က လေယာဉ်စတက်တာနဲ့ Arabian Gulf 
သို့မဟုတ် Persian Gulf ရဲ့ ပြာလဲ့နေတဲ့ရေပြင်ကြီးနဲ့ မိုးပြာရောင် ကောင်းကင်ကြီးကို တဆက် 
တစပ်တည်းလို တွေ့ရတာပါ၊ မိုးကောင်းကင်ပြာပြာမှာ တွေ့ရှိရတဲ့ တိမ်ဖြူဖြူနဲ့ ပင်လယ်ရေပြင်
ပြာပြာမှာ သွားနေတဲ့ သင်္ဘောလေးတွေရဲ့ ရေလှိုင်းဖြူဖြူတွေကလည်း ရောစပ်နေတာမို့ ခွဲခြားဖို့ 
မလွယ်ပါဘူး၊ ဘယ်လို ကြည့်ကြည့် ကြည့်ရတာ ပန်းချီကား တချပ်လိုပါ။

ဒူဘိုင်းကမ်းခြေ ကျွန်းစုတုများကို အမြင့်ပေနှစ်သောင်းနီးပါးက လှမ်းမြင်ရပုံ   (ဓါတ်ပုံ မရငတ)

သိပ်မကြာခင်မှာ ဒူဘိုင်းမြေကို ဖြတ်သန်းပါတယ်၊  ကာတာနဲ့ United Arab Emirates ယူအေအီး 
နှစ်နိုင်ငံက အာရေဘီယံ ပင်လယ်ကွေ့တွင်းမှာ မြောက်ဘက်ကို ထိုးထွက်နေတဲ့ ကုန်းမြေကြီး အငူ နှစ်ခုပါ၊ 
ကာတာရဲ့မြို့တော် ဒိုဟာနဲ့ ယူအေအီးရဲ့ မြို့ကြီးနှစ်မြို့ ဖြစ်ကြတဲ့ မြို့တော် အဘူဒါဘီရယ် ဒူဘိုင်းမြို့တို့က မျက်နှာချင်းဆိုင် တည်ရှိကြတာပါ၊ သိပ်လည်း မဝေးကြပါဘူး၊ မိုင်နှစ်ရာကျော်သာ ဝေးကြတာပါ၊ 

ဒိုဟာလေဆိပ်ကနေ လေယာဉ်တက်ပြီး တနာရီခရီးသာသာ မောင်းရင် ယူအေအီးရဲ့ ကုန်းမြေ
ခြောက်သွေ့သွေ့ကို တွေ့မြင်ရပါပြီ၊ ဒိုဟာဘန်ကောက် လေယာဉ်လမ်းကြောင်း ဖြတ်သန်းတာ
ကနေ ဒူဘိုင်းမြို့ရဲ့ တောင်ဘက်မြို့စွန်ကို ကောင်းကောင်းလှမ်းမြင် တွေ့ခဲ့ရပါတယ်၊ 

ဒူဘိုင်းရဲ့ နာမည်ကျော် မပြီးဆုံးသေးတဲ့ World Islands ကမ္ဘာနိုင်ငံကျွန်းစုတုများနဲ့ Palm Islands 
စီမံကိန်း သုံးခုထဲက ပြီးစီးနေပြီလို့ဆိုတဲ့ Palm Jumeirah ကျွန်းစုတုတို့ကို လေယာဉ်ရဲ့ ဘယ်ဘက်ခြမ်းမှာ မောင်ရင်ငတေ ထိုင်နေလို့ ကောင်းကောင်း မြင်တွေ့ခွင့်ရခဲ့တာပါ၊ 

ညာဘက်ခြမ်းမှာ ထိုင်ခွင့်ရခဲ့ရင် ဘာတွေ ထူးဆန်းတာတွေ့ရမလဲ မသိပါဘူး၊ ရွှံ့နှစ်ရောင် ဒူဘိုင်းတို့ရဲ့ 
မြေကြီးကို ကျော်လာခဲ့တော့ အိုမန်ပင်လယ်ကွေ့နဲ့ အာရေဘီယံ ပင်လယ်ပြင်ကြီးကို ဖြတ်သန်းပြီး  
ပါကစ္စတန်ရဲ့မြို့တော် ကရာချိ ဆီသို့ လေယာဉ်လမ်းကြောင်းက ဦးတည်သွားပါတယ်၊ 

ကရာချိနားရောက်တော့ လေယာဉ်လမ်းက တောင်ဘက်ဆီသို့ နည်းနည်းချိုးကွေ့ပြီး အိန္ဒိယားမြေကနေ 
ဘင်္ဂလားပင်လယ်အော်သို့ ဆက်လက် ချီတက်ပါတော့တယ်၊ အမြင့်သို့ တစတစ ထိုးတက်လာခဲ့တာ
ပေလေးသောင်း နီးပါသို့ ရောက်ပါပြီ၊


ခရီးကလည်း မိုင်ပေါင်း တထောင်ကျော် ပေါက်လာပြီ ဖြစ်သလို မောင်းနှင်လာတာ နှစ်နာရီခွဲကျော် ရှိခဲ့ပါပြီ၊ လေယာဉ်စီးလာသူတွေလည်း စားသောက်ပြီးကြပြီး အိပ်သူအိပ်နေကြပါပြီ။


အိန္ဒုမြစ်ဝှမ်းရဲ့ ရင်သပ်ရှုမောဘွယ်ရာ သဘာဝအလှ       (ဓါတ်ပုံ မရငတ)
မအိပ်နိုင်သူတွေကတော့ မောင်ရင်ငတေနဲ့ တချို့သာ ရှိပါတော့တယ်၊ ကရာချိအလွန် အိန္ဒိယနယ် အစပ်မှာတော့ ပင်လယ်ထဲသို့ စီးဝင်နေတဲ့ မြစ်ဝများကို အတော်ရှင်းလင်းစွာ တွေ့မြင်ခွင့်ရပါတယ်၊
မောင်ရင်ငတေလည်း စိတ်ဝင်စားမိပြီး ရှာဖွေ ကြည့်လိုက်တော့ ပါကစ္စတန်ရဲ့ နာမည်ကျော် Indus
မြစ်ဝများ ဖြစ်ပါတယ်၊ မိုင်ပေါင်း နှစ်ထောင်ခန့် ရှည်လျှားတဲ့ Sindhu Nadi ခေါ်တဲ့ အိန္ဒုမြစ်ဟာ တိဗက်ကုန်းမြင့်ဒေသကနေ မြစ်ဖျားခံ စီးဆင်းလာပြီး ဒီနေရာမှာ အာရေဘီယံပင်လယ်ထဲသို့ စီးဝင်
သွားတာကို ရင်သပ်ရှုမောဘွယ် တွေ့မြင်ရတာ ဖြစ်ပါတယ်၊
ဘိုးရင်း ခွန်သုံးလုံး လေယာဉ်ကြီးက အမြင့်ပေ လေးသောင်းလောက်မှာ ပျံသန်းနေတာ ဖြစ်ပေမယ့် ထွန်းလင်းတောက်ပနေတဲ့ နေမင်းပူပူရဲ့အောက်မှာ အရှေ့အလယ်ပိုင်းဒေသနဲ့ အိန္ဒိယတိုက်ငယ်ရဲ့ မြေပြင်တွေ ရေပြင်တွေကို အတော်လေးကိုသဲကွဲစွာ တောက်လျှောက်ဆိုသလို မြင်တွေ့ခဲ့ရတာပါ၊
ဒီလို မြင်ကွင်းမျိုးဟာ ကြုံတောင့်ကြုံခိုက် ရှားရှားပါးပါးမို့ မောင်ရင်ငတေလည်း ဝါသနာ အရင်းခံပြီး တဘက်က ကင်မရာနဲ့ရသမျှ မှတ်တမ်းတင်ရင်း မျက်တောင်ခတ်ဖို့ မေ့လုနီးပါး ကြည့်နေမိပါတယ်၊
အဲဒီအိန္ဒုမြစ်ဝှမ်းရဲ့ များပြားလှတဲ့ မြစ်မွှာတွေက အိန္ဒိယနယ်အထိမို့ အချိန်တော်တော်ကြာ မြင်တွေ့ နေရပါတယ်၊ အိန္ဒုမြစ်မွှာတွေ လွန်လာခဲ့ပြီးတော့ အိန္ဒိယတိုက်ငယ်ကို လေယာဉ်လမ်းကြောင်းက ကန့်လန့်ဖြတ် အတော်ကြာကြာ မောင်းရပါတယ်၊ အိန္ဒိယ အနောက်ဘက်ကမ်းခြေကနေ မိုင်ပေါင်း တထောင်နှစ်ရာလောက် မောင်းလာပြီးတော့ အရှေ့ဘက်ကမ်းခြေ မဟာနဒီမြစ်ဝက Cuttack မြို့ ကိုရောက်တော့ ခရီးကသုံးပုံနှစ်ပုံ ကျိုးလုပါပြီ၊ ခရီးဆုံး ဘီကေကေကိုရောက်ဖို့ မိုင်တထောင်ကျော်
လောက်သာ လိုတော့ပြီး မိုင်ပေါင်း နှစ်ထောင့်နှစ်ရာကျော် ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။


အမြင့်သုံးသောင်းခုနှစ်ထောင်ကျော်က မှုန်ပြပြလွမ်းစဖွယ် မြင်တွေ့ရတဲ့ ဧရာဝတီ (ဓါတ်ပုံ မရငတ)
ဘင်္ဂလားပင်လယ်အော်ပေါ်မှာတော့ လေယာဉ်က အမြင့်ပေ လေးသောင်းကျော်မှာ သွားနေတာက တကြောင်း ကုန်းမြေနဲ့ ဝေးလွန်းလှတာကတကြောင်း သေသေချာချာကြည့်မှသာ ကောင်းကင်ပြာရဲ့
အောက်က ကုန်းမြေထင်ရတာတွေကို ခပ်ရေးရေးသာ မြင်ရပါတော့တယ်၊ တဖြေးဖြေးနဲ့ခပ်ရေးရေး ဆက်ပြီး စိတ်လှုပ်ရှားဘွယ် မြင်တွေ့ရတာကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရဲ့ ကုန်းမြေကြီးတွေကိုပါ၊ အဲဒီတော့မှ အိပ်ချင်စိတ်ကြောင့် မှေးစင်းငိုက်မြည်းနေတဲ့ မောင်ရင်ငတေရဲ့ မျက်လုံးတွေလည်း အလိုအလျှောက် ဆိုသလို ပြန်လည်ပြီး ပြူးကျယ်လာပါတော့တယ်၊ အဲဒီနေရာ အဲဒီမြေတွေက မောင်ရင်ငတေ မွေးဖွားခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ နေရာဆိုတဲ့ အသိစိတ်ကြောင့် ထင်ပါရဲ့၊ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းချိန်ကစလို့ ကောင်းကင်ပေါ်မှာ ရာသီဥတု သာယာနေသလို ရှိပေမယ့် လေယာဉ်အောက်မှာ တိမ်တိုက်ပြာတွေကိုသာ တောက်လျှောက်ဆိုသလို တွေ့နေရကာ
မောင်ရင်ငတေ့ ဇာတိချက်ကြွေမွေးဖွားခဲ့ရာ မြေကြီးဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကိုတော့ တိမ်ထုပြာတွေကြားမှာ မှုန်ပြပြလွမ်းစဖွယ်သာ မြင်တွေ့ခဲ့ရကြောင်းပါ၊ ထိုင်ခုံရှေ့ကတီဗွီမှန်သားပြင်
ပေါ်မှာ ရှာဖွေတွေ့ရှိရတဲ့ အချက်အလက်တွေအရရော မျက်မြင်တွေ့နေရတဲ့ မှုန်ဝါးဝါး အရိပ်တွေကို ပေါင်းစပ်ပြီး ဒီနေရာက ဘာဖြစ်နိုင်တယ် ဒီမြစ်က ဘာမြစ်ဖြစ်နိုင်တယ်ဆိုတာမျိုးတော့ ခန့်မှန်းနိုင်ခဲ့ တာကိုတော့ ဝမ်းသာစရာပါ၊ အရင့်အရင်တုန်းကတော့ လေယာဉ်စီးသာစီးနေရတာ ဘယ်နေရာကို ရောက်လို့ ရောက်နေမှန်း မသိခဲ့ရပါဘူး၊ အခုခေတ် တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ကိုယ် ဘယ်ရောက်လို့ ဘယ်ပေါက်နေပြီလဲ ဆိုတာမျိုး ကိုယ်စီးနေတဲ့မြင်း အထီးလား အမလား ဆိုတာမျိုး သိခွင့်ရလို့ မောင်ရင်ငတေတို့လို စပ်စပ်စုစု သိချင်တဲ့သူတွေအတွက် ဝမ်းသာစရာပါ၊။



နေညိုညို တိမ်တောက်တောက် မော်လမြိုင်ကောင်းကင်           (ဓါတ်ပုံ မရငတ)
မှုန်ပြပြ ဧရာဝတီကို ကျော်လွန်လာတော့ မုတ္တမကွေ့ပါ၊ အဲဒီ အလွန်မှာတော့ မော်လမြိုင်ပေါ့၊
မုတ္တမရေပြင်တို့ မော်လမြိုင်တို့ ဆိုတာကိုလည်း အောက်ခြေ မြေပြင်ရေပြင်တွေကို မြင်တွေ့နေရလို့
မောင်ရင်ငတေ ပြောနိုင်တာ မဟုတ်ပါဘူး၊ နည်းပညာ အကူအညီနဲ့မို့လို့ ပြောနိုင်ခြင်းပါ၊ ဧရာဝတီကို ကျော်လွန်လာပြီးတော့ လေယာဉ်ပျံသန်းနေရာ ပေလေးသောင်းကနေ ပေသုံးသောင်းခုနှစ်ရာဆီသို့ နိမ့်ဆင်းလာပေမယ့် လေယာဉ်နဲ့ မြေပြင်ကြားမှာ ကြားခံနေတဲ့ တိမ်ထုကြီးက လျော့မသွားပါဘူး၊
ဆောင်းရာသီရဲ့ နေစောင်းချိန် ဖြစ်နေလို့လား မသိပါဘူး၊ အောက်ကရေတွေမြေတွေကို ဘာတခုမှ သဲသဲကွဲကွဲ ကောင်းစွာ မမြင်တွေ့ရပေမယ့် နေရောင်ဟပ်ပြီး ရွှေရောင်လက်လက် တောက်ပနေတဲ့ လေယာဉ်
တောင်ပံကြီးကိုတော့ အပြာရောင်လေလားရွှေအိုရောင်လေလား ဘာရောင်လို့ပြောရမှန်း မသိတော့တဲ့ မိုးကောင်းကင်နဲ့ တိမ်စိုင်ထုတွေရဲ့ ကြားမှာ ရပ်နေသလို မြင်တွေ့ရပါတယ်၊ တခါတခါ မှာတော့ အဲဒီ အတောင်ပံကြီးက တဆတ်ဆတ် တုန်ခါပြီး လာတာကို မြင်ရတော့ အသည်းမမာတဲ့ ကြောက်တတ်တဲ့ မောင်ရင်ငတေရဲ့ ရင်ထဲမှာလည်း တလှပ်လှပ်ခုန် တုန်ခါလို့ လာပါတယ်၊ အဲလိုနဲ့ နေညိုညို တိမ်တောက်တောက် မော်လမြိုင်ကောင်းကင်ကို ကျော်လွန်လာတော့
မှောင်စပျိုးလာပြီး ခရီးဆုံးဆီသို့လည်း အတော်ကြီး နီးလို့လာပြီ ဖြစ်ပါတယ်၊ အမောဖြေနေကြတဲ့ လေယာဉ်မယ်လေး တွေလည်း ပစ္စည်းပစ္စယတွေ သိမ်းဆည်းကြပါပြီ၊ တိုင်ဝမ်သူလား ဟောင်ကောင်သူလား မသိ လမ်း တလျှောက်လုံး လေယာဉ်မယ်လေးတွေကို တဖျစ်တောက်တောက် ပြောပြီး ဒုက္ခပေးလာတဲ့ ဆံပင် ကောက်ကောက် အမျိုးသမီးကြီးလည်း ပြောရတာမောသွားလို့ ငြိမ်သွားပါပြီ၊ နောက်ဆုံးထိုင်ခုံတန်း သုံးယောက်ခုံမှာထိုင်ပြီး လောကကြီးကိုမေ့ထားလို့ တလမ်းလုံး ခြေပစ်လက်ပစ် အိပ်မောကျလာတဲ့ အဖြူကောင်လေးလည်း တီတကောင်အလားတွန့်လိမ်ကောက်ကွေးလို့ ထလာပါပြီ၊ မောင်ရင်ငတေ့ ကင်မရာမှာ ပါလာတဲ့ ဓါတ်ခဲ နှစ်ခဲလည်း ကုန်လုကုန်ခင် ဖြစ်နေပါပြီ၊ ဒီလိုဒီလိုနဲ့ ပေါ့  . . .. … …. .
လမ်းခရီးတလျှောက်မှာ ရေပြင်မြေပြင် လေပြင်တွေ အားလုံးက ခပ်ငြိမ်ငြိမ် လေယာဉ်ကြီးကလည်း ခပ်ငြိမ်ငြိမ်မို့ မောင်ရင်ငတေတို့လည်း ခပ်ငြိမ့်ငြိမ့်နဲ့ အပြုံးမပျက် အစားမပျက် အသောက်မပျက် စကားဖောင်ဖွဲ့မပျက်နဲ့ ဘန်ကောက်ရွှေပြည် သုဝဏ္ဏဘုမ္မိဆီသို့ ဆိုက်ရောက်လာပါတော့တယ်။



ကီလိုချိန် နှစ်သိန်းခုနှစ်သောင်းခွဲကျော် အလေးချိန်စီးတဲ့ အေ ၃၈၀-၈၀၀     (ဓါတ်ပုံ မရငတ)
အပြန်ခရီးမှာတော့ ဘန်ကောက်ကဒိုဟာ၊ ဒိုဟာကပါရီ ခရီး နှစ်ခုစလုံးမှာ A380-800 လေယာဉ်ကို စီးရပါတယ်၊ အဲဒီ လေယာဉ်ကြီးကတော့ နောက်ဆုံးပေါ် အကောင်းဆုံး ဖြစ်တာနဲ့အညီ စီးရတာက ငြိမ့်ညောင်းလှပါပေတယ်၊ အတက်မှာကောအဆင်းမှာပါ သိသိသာသာ တခြားလေယာဉ်တွေထက် ညင်သာပါတယ်၊ ဒုတိယပိုင်း ဒိုဟာကနေ ပါရီ ခရီးမှာ စီးခဲ့ရတဲ့ A380-800 လေယာဉ်ကြီးကတော့ အသစ်စက်စက်ပါ၊ လေယာဉ်မယ်လေးတွေကလည်း အသစ်စက်စက်ပါ၊ တခြားတော့ အတွေးမမှား ကြပါနဲ့ ဗျာ၊ အသက်ငယ်တာကို ဆိုလိုချင်တာပါ၊ ကာတာလေကြောင်းလိုင်းရဲ့ အသက်ကလည်း နှစ်ဆယ်သာသာသာ ရှိသေးတာဆိုတော့ . . …. .. . .. …….  လေယာဉ်မယ် ငယ်ငယ်လေးတွေရဲ့ အသက်ကလည်း ငယ်ကြတယ် ထင်ပါရဲ့။
လေယာဉ်ပေါ်မှာက အကျွေးအမွေးမှာလည်း မဆိုးလှပါဘူး၊ ဒါပေမယ့် မောင်ရင်ငတေတို့အတွက် သောက်သုံးစရာ ဟန်နဆီ ကော့ညှက်ရယ် နှစ်ချို့ဝိုင်အနီရယ် ပါဝင်လို့ လာပေမယ့် ဝီစကီကတော့ လယ်ဗယ်အနီရောင် ဂျော်နီလမ်းလျှောက်ကိုသာ တိုက်ကျွေးတာမို့လို့ ဘာလာလာ ချဉ်ချဉ်တူးတူး သောက်သုံးတတ်တဲ့ မောင်ရင်ငတေ့အတွက် မထောင်းသာလှပေမယ့် တချို့သော မောင်ရင်ငတေ့ ချစ်မိတ်ဆွေ သောက်ဖော်သောက်ဖက်များပါလာရင်တော့ နှာခေါင်းရှုံ့လို့ တခွက်ပြီးတခွက်တောင်း သောက်ကြမှာကို မြင်ယောင်လို့ နေမိပါသေးတယ်။
နောက်ဆုံးပေါ် A380-800 ပေါ်မှာ  . .. . .. . ..
နောက်ဆုံးပေါ် နည်းပညာတွေအရ အရေးကြီးပုဂ္ဂိုလ်များအတွက် ခရီးသွားရင်း ဖေ့စ်ဘုတ်ခ်ကြည့်ဖို့
အီးမေးလ်ပို့ဖို့ အင်တာနက် ဝိုင်ဖိုင်စနစ်လည်း ရရှိနိုင်ပါပြီ၊ အသပြာကြီးပြားစေ့တွေကတော့ ကျသင့် သလောက်ပေးရမှာပေါ့၊ ဒါပေမယ့် သိပ်ဈေးများလှတယ် မဆိုနိုင်ပါဘူး၊ သုံးနာရီကိုမှ ဆယ်ဒေါ်လာ လောက်သာ ကျသင့်မှာပါ။
A380-800 အဲယားဘတ်စ်ကြီးနဲ့ ပတ်သက်လို့ ဆိုးဝါးတာ တခုလို့ မောင်ရင်ငတေ ထင်မြင် မိတာ ကတော့ ဒီကနေ့ လက်ရှိ ကမ္ဘာမှာ အကြီးဆုံး လေယာဉ်လို့ ဆိုရမယ့် ဒီ အဲယားဘတ်စ် A380-800 နှစ်ထပ်လေယာဉ်ကြီးက ကြီးမားလှတာနဲ့အမျှ ခရီးသည်ကလည်း ငါးရာကျော်ဆန့်တာမို့  … …. … အတက်ကိုလည်းတန်းစီရ အဆင်းကိုလည်းတန်းစီရ စားဖို့ကိုလည်းတန်းစီရ ပါဖို့ကိုလည်းတန်းစီရနဲ့ တကယ်ကို မလွယ်လှပါပေဘူး၊
လေယာဉ်မယ်ကလေးတွေကတော့ ခရီးသွားသူ ငါးရာကျော်ကို ဧည့်ဝတ်ကျေနိုင်ဖို့ ဟိုပြေးဒီလွှားနဲ့ မနေမနားရတာကို မောင်ရင်ငတေ မြင်နေရတော့ ရင်ထဲမှာ မသက်သာလှပါဘူး။
လေယာဉ်မယ် ငယ်ငယ်လေးတွေမှာ ရွှေအိုရောင် ဆံရှည်လေးတွေနဲ့ ဘိုမချောချောလေးတွေ ပါဝင် နေသလို ရေဝတီမ ချောချောလေးတွေ မဂိုလ်အင်ဒီယန်းမ ချောချောလေးတွေ ပြည်ကြီးတရုတ်က မျက်လုံးမှေးစင်းစင်းမလေးတွေ အသားဝါညှက်ညှက်နဲ့ ရွှေမလေးတွေအလား ထင်ယောင်မှားရတဲ့ သူလေးတွေ လူမျိုးစုံ ပါဝင်နေတာကို တွေ့ရသလို တဦတည်းတွေ့ရတဲ့ ထောင်ထောင်မောင်းမောင်း အာရပ်သွေးနဲ့ လေယာဉ်မောင်ကြီးကတော့ လမ်းတလျှောက် လေယာဉ်မယ်လေးတွေကို တပြုံးပြုံး ခရီးသည်တွေကို တပြုံးပြုံး ကူညီရင်း လိုက်ပါလာတာကိုလည်း တွေ့ရှိရပါကြောင်း . … ..… …. ..။
အပြန်ခရီး ဘန်ကောက်ဒိုဟာ အပိုင်းမှာ အမှောင်ထုကြားက ဖြတ်သန်းလာခဲ့ရလို့ ပြင်ပ ဗဟုသုတ ဘာတခုမှ မရခဲ့ပေမယ့် တဦးတည်း အသုံးပြုပိုင်ခွင့်ရတဲ့ တီဗွီ မှန်သားပြင်ကနေ မောင်ရင်ငတေ စိတ်မဝင်စားတဲ့ ရုပ်ရှင်တွေ သီချင်းတွေ စတဲ့ ဖျော်ဖြေရေးတွေကို ခွကျော်ပြီး လိုက်ရှာကြည့်တော့ အင်တာနက် ဂူဂဲလ်မြေပုံထက်ကောင်းတဲ့ မြေပုံမျက်နှာပြင်ကို အဲယားဘတ်စ် အေ ၃၈၀-၈၀၀ မှာ ရှာဖွေတွေ့ရှိခဲ့လို့ ကျေနပ်မှုတခု ရခဲ့ပါသေးတယ်၊
ဒိုဟာကနေပါရီကို အပြန်လမ်းမှာတော့ အမြင့်ပေ သုံးသောင်းရှစ်ထောင်ရောက် အေ ၃၈၀-၈၀၀ ရဲ့ အောက်မှာတော့ ဥရောပ ဆောင်းနေ့လယ်ခင်းရဲ့ ဖြူလိုက်မည်းလိုက် ညိုလိုက်မှောင်လိုက်နဲ့သာ တလှည့်စီ ပြောင်းနေတဲ့ တိမ်ထုတွေကြောင့် မြေပြင်ရေပြင်ကို သဲကွဲစွာ မမြင်တွေ့ခဲ့ရပါဘူး၊ ထူးထူး ခြားခြားဆိုလို့ ဆွစ်ဇာလန်ရဲ့ အဲလ်တောင်တန်းတွေပေါ်က ရေခဲတဝက်တပျက် ဖုံးလွှမ်းကာနေတဲ့ တောင်ထွဋ်တွေကိုတော့ တပိုင်းတစ လှမ်းလို့ မြင်တွေ့ခဲ့ရကြောင်းပါ၊
ပါရီသို့ ရောက်ခါနီး ကီလိုမီတာ လေးငါးရာလောက် အရောက်မှာတော့  အဲယားဘတ်စ် အေ ၃၈၀-၈၀၀ လေယာဉ်ကြီးက ပေလေးသောင်းကနေ တဖြေးဖြေး နိမ့်လို့ ဆင်းသက်လာပါတယ်၊ အမြင့်ပေ
တသောင်းမှာတော့ ဥရောပဆောင်းရဲ့ သင်္ကေတဖြစ်တဲ့ တိမ်ထုကြီးထဲကို ဝင်ရောက် ဖြတ်သန်းဖို့ ကြိုးစားပါတော့တယ်၊
ခါးပတ်တွေ ခိုင်ခိုင်မြဲမြဲ ပတ်ထားဖို့ အချက်ပေးသံတွေလည်း တတီတီ မြည်လာပါတယ်၊ လေယာဉ် ဆင်းခါနီး ပုံမှန်ကြားနေကြ တတီတီထက် ဒီတခါ ပိုလို့ကျယ်ကျယ် ကြားမိရတယ် ထင်ပါတယ်၊ ပါရီ မိုးကောင်းကင်တိမ်ထုတွေရဲ့ အထူပျဉ်ဟာ ပေရှစ်ထောင်ကျော် ကိုးထောင်လောက်ရှိပြီး လေယာဉ် မြေပြင်သို့ ရောက်ခါနီး ပေနှစ်ထောင် အမြင့်အောက်ကို ရောက်ခါမှ ပါရီရဲ့ရွှေမြေကြီးကို မြင်တွေ့ခွင့် ရပါတော့တယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ ကိုကျောက်လုံးတို့ မောင်ရင်ငတေတို့ရဲ့ မှိုင်းမှုန်ရီဝေ ပါရီမြေကို ပြန်လည်လို့ ရောက်ရှိလာပါပြီ။



မှိုင်းမှုန်ရီဝေ ပါရီမြေကို ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ အေ ၃၈၀-၈၀၀                (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ ဒီ ခရီးကို အင်တာနက်တခွင် ပြဲပြဲစင်အောင် ရှာဖွေလို့ ဝယ်ခဲ့တာမှာ အဲဒီ ကာတာ လေကြောင်းကိုသာ ဈေးနှုန်း အသက်သာဆုံးနဲ့ အကောင်းဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ကြောင်းပါ၊
အွန်လိုင်းကနေ လက်မှတ်တွေ ဝယ်ယူတဲ့အခါမှာ သတိထားစရာလေးတွေ ရှိပါတယ်၊ အသေးစိတ်
အချက်တွေ သေချာဖတ်ပြီးမှ ဝယ်ယူသင့်တာပါ၊ တချို့သော လေယာဉ်လက်မှတ် အွန်လိုင်းဧဂျင်စီ
များဟာ ဝန်ဆောင်ခတွေ တင်ထားလေ့ ရှိပါတယ်၊ မူရင်းလေကြောင်းက ရောင်းချတဲ့ဈေးနှုန်းထက် ဈေးလျော့ရောင်းတာ ရှိသလို ဈေးတင်ထားတာမျိုးလည်း ရှိတတ်ပါတယ်၊ အွန်လိုင်းမှာ လက်မှတ်  ဝယ်ယူချိန် ဥပမာ ပြောရရင် အများအားဖြင့် မနက်ကြီး နှစ်နာရီက လေးနာရီကြား လူတွေအိပ်ချိန်မှ ထဝယ်နိုင်ရင် ဝန်ဆောင်ခမယူဘဲ ကျန်တဲ့အချိန်တွေမှာဝယ်ရင် ဝန်ဆောင်ခ ထပ်ဆောင်းပြီး ပေးရ တတ်ပါတယ်၊ နောက်တခုက သယ်ယူသွားမယ့် အိတ်တွေရဲ့ အလေးချိန် ဖြစ်ပါတယ်၊ တချို့သော ဈေးနှုန်းလျော့ အဲယားလိုင်းများနဲ့ နာမည်ကြီး လူကြိုက်များနေတဲ့ အဲယားလိုင်းများကို သတိထားရ မှာပါ၊ အရင်တုန်းက ထိုင်းလေကြောင်း ပါရီ ဘန်ကောက်ခရီးစဉ်မှာ ကီလို ၃၀ သယ်လို့ ရခဲ့ပေမယ့် အခုတော့ ၂၃ ကီလိုသာ သယ်ခွင့် ရှိတော့တာပါ၊ အခုတလော ဖတ်မိတာကတော့ ကီလို ၂၀ သာ ရေးထားတာကိုလည်း တွေ့မိပါတယ်၊ အိတ်တလုံးထဲမှာ စုထည့်သယ်ရပြီး ဒုတိယအိတ် အတွက်က မပေးမနေရ သတ်မှတ် ထားတာမျိုးလည်း ရှိပါတယ်၊ လေဆိပ် ချက်ကင်ကောင်တာမှာ လေပြေထိုး အပြောကောင်းကောင်းနဲ့ ရှင်းပြနိုင်ရင် လျှော့ပေါ့ပေးတာမျိုး အရင် ရှိခဲ့ပေမယ့် အခုတော့ ချက်ကင် ကောင်တာက မမလေးတွေလည်း သိပ်သဘော မကောင်းကြတော့ပါဘူး၊ ခုတမျိုး တော်ကြာတမျိုး ဖြစ်တတ်တာမို့ အရေးကြီးဆုံးသော သတိထားကြရမယ့် အချက်ပါ၊
အွန်လိုင်းကနေ လက်မှတ်တစောင် ဝယ်တော့မယ်ဆိုရင် အထူးသဖြင့်ကတော့ ဈေးလျှော့ထားတဲ့ လက်မှတ်မျိုးတွေ ဝယ်ရင် သတိထားပြီး ဝယ်ကြရပါတယ်၊ ဈေးလျှော့ထားပုံက အမျိုးမျိုး ရှိတတ်ပါ တယ်၊ သေချာတာကတော့ ဈေးလျှော့ထားပြီဆိုရင် ပုံမှန် မဟုတ်တော့ပါဘဲ တနေရာရာမှာတော့ ထောက်ကွက်ထားလေ့ ရှိပါတယ်။
ဒီ ကာတာလေယာဉ် လက်မှတ်ကို ဝယ်မိရပြီးနောက် ဆက်စပ်ပြီး ဟိုစာဒီစာ ဖတ်မိရတော့ ကရာချိ လေဆိပ်ဆိုတာကို သွားတွေ့ရပါတယ်၊ ဟိုအရင် တချိန်တုန်းက ခရီးသွားသူတွေကြားမှာ လူသိများ ခဲ့တဲ့ ပါကစ္စတန်နိုင်ငံ မြို့တော် Karachi ကရာချိမြို့ မှာ တည်ရှိတဲ့ Jinnah International Airport ဆိုတာကိုတော့ ဒီကနေ့ လေယာဉ်စီး ခရီးသည်များ သိပ် ဂရုထားမိတော့မှာ မဟုတ်ပါဘူး၊
လွန်ခဲ့သော ၁၉၆၀ ခုနှစ်များကနေ ၁၉၈၀ ခုနှစ်များထိ ကရာချိလေဆိပ်ဟာ ဒီကနေ့ ဒူဘိုင်း ဒိုဟာ တို့လို အရှေ့ဖျားက အနောက်ကမ္ဘာကိုလာတဲ့ လေယာဉ်တွေ ခေတ္တရပ်နားရာ အဓိက ကြားစခန်း တခု ဖြစ်ခဲ့ဖူးပါတယ်၊ ပါကစ္စတန်ပိုင် လေကြောင်းလိုင်း PIA ဆိုတာလည်း တခေတ်တခါတုန်းက ဘိုးရင်း လေယာဉ်ကြီးတွေ စသုံးခဲ့တဲ့ လေကြောင်းလိုင်းတလိုင်းပါ၊ ဒီကနေ့များမှာတော့ ပါကစ္စတန် ဆိုတာ ပြဿနာတွေတထွေးကြီးနဲ့ ဒုက္ခသုတ်ခ ရောက်နေသလို ကရာချိလေဆိပ် ဆိုတာကလည်း နာမည်ကြီး လေကြောင်းလိုင်းပေါင်းစုံ ဆင်းသက်ရပ်နားခဲ့ဖူးရာ ရာဇဝင်ထဲက လေဆိပ်ကြီးတခုသာ ဖြစ်နေပါပြီ၊ ဘက်ပေါင်းစုံက လိုအပ်ချက်တွေကို ဖာနေထေးနေပေမယ့်လည်း နလံပြန်ထူဖို့ကတော့ မလွယ်ကူလှတော့ပါဘူး၊ ၁၉၇၀ နဲ့ ၈၀ ခုနှစ်များဆီက မဟာရန်ကုန်ရဲ့ မင်္ဂလာဒုံကနေ ကရာချိမှာ တထောက်နား ပါရီကိုလာတဲ့ အဲယားဖရန့် လေယာဉ်တွေကို စီးဖူးခဲ့သူ ဗမာလူမျိုးကြီးတွေလည်း အသက် ၇၀ ကျော် ၈၀ နားနီးနေကြပါပြီ၊ အဲဒီတုန်းက ဘန်ကောက် (สนามบินนานาชาติดอนเมือง Don Mueang International Airport) ထိုင်းအသံ အနီးစပ်ဆုံး ရေးရမယ်ဆိုရင်တော့ “စနမ်ဘင် နာနာခြား ဒေါန်မြူအန်” (ဗမာလိုရေးကြတာတော့ ဒွန်းမောင်း) စင်ကာပူချန်ဂီတို့ဆိုတာ ဆေးရောင် ခပ်မှိန်မှိန်သာ ရှိပါသေးတယ်၊ အဲဒီ လေဆိပ်တွေကနေ ထရန်စစ်ခံပြီး သွားကြတယ်ဆိုတာ သိပ်မရှိ ခဲ့ပါဘူး၊ နောက်ပိုင်းကာလများ မောင်ရင်ငတေတို့ရဲ့ ခေတ်ရောက်မှ ဒွန်းမောင်းတို့ ချန်ဂီတို့ဆိုတာ ရွှေဗမာတွေအတွက် မရှိမဖြစ် ရေပန်းစားလာတဲ့ လေဆိပ်တွေ ဖြစ်ခဲ့တာပါ၊
ကာတာအဲယားဝေးစ်ဟာ အခုအချိန်ထိ မင်္ဂလာဒုံလေဆိပ်ကြီးနဲ့ အနောက်ဖက် ဥရောပကုန်းမြေကို
ဆက်သွယ်ပေးနေတဲ့ လေယာဉ်ခရီးစဉ်ကို ပြေးဆွဲနေတဲ့ တခုတည်းသော လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်၊ Emirates လေကြောင်းလိုင်းတောင်မှ ရွှေပြည်တော်ကို မပြေးသေးပါဘူး၊ ၂၀၂၂ ခုနှစ် ကမ္ဘာဖလား ဘောလုံးပွဲကြီးရဲ့ အိမ်ရှင်နိုင်ငံ ဖြစ်လာတော့မယ့် ကာတာမြေကြီးကို ဘောလုံးပွဲလေး တပွဲနှစ်ပွဲလောက် သွားကြည့်ရင်းနဲ့ နင်းခွင့်ရရင်နင်းလိုက်ချင်ပါသေးတယ်လို့ တွေးမိရရင်း ကာတာ လေယာဉ်အကြောင်း တခန်းရပ်နား လိုက်ရပါတယ်။



ပါရီ ဒိုဟာ ဘန်ကောက်               (ဓါတ်ပုံ မရငတ)
ဒီ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျေးဇူးတင်ထိုက်သူများ အားလုံးကို ဒီနေရာကနေပြီး ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုက်ပါတယ်၊ ထိုင်းနိုင်ငံအတွင်း သွားခဲ့လာခဲ့ ရောက်ခဲ့ပေါက်ခဲ့တာတွေ ကိုလည်း ဆက်လက်ပြီးရေးသားဖို့ ကြိုးစားပါအုံးမယ် ခင်ဗျာ၊ အားပေးသူ ဘော်ဒါများ အားလုံးအား ကျေးဇူးအထူးတင်လျှက်၊

မောင်ရင်ငတေ ၂၄၀၁၂၀၁၅
http://gita.cc/archives/42031   
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၅

Aucun commentaire:

Enregistrer un commentaire